သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဟာမတ်စ်အပေါ် အစ္စရေးရဲ့လက်တုန့်ပြန်မှု အလွန်အကျူးဖြစ်နေ" - သမ္မတ ဘိုင်ဒန်


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

Hamas စစ်သွေးကြွတို့ရဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်က အလွန်အကျူးဖြစ်နေတယ်လို့အမေရိကန်သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။ Hamas တို့ဖမ်းဆီးသွားတဲ့ ဓါးစာခံတွေလွတ်မြောက်နိုင်ရေး အပစ်အခတ်ရပ်နိုင်အောင် သူအစွမ်းကုန်ကြိုးစားနေတယ်လို့ အိမ်ဖြူတော်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ တုံ့ပြန်တိုက်ခိုက်နေတာတွေက လွန်လွန်ကဲကဲတွေဖြစ်နေတယ်လို့ သမ္မတ Biden ပြောသွားတာဖြစ်ပါတယ်။ ဂါဇာကို လူသားချင်းစာနာတဲ့ အကူအညီတွေပို့ပေးနိုင်အောင် နယ်စပ်တွေဖွင့်ပေးဖို့ အီဂျစ်သမ္မတကိုရော အစ္စရေး ဝန်ကြီးချုပ်ကိုပါ သူကိုယ်တိုင် တိုက်တွန်းခဲ့တယ်လို့လည်း သမ္မတ Biden ကပြောပါတယ်။

အဲဒီမှာ အီဂျစ်သမ္မတလို့ ပြောရမှာကို မက္ကဆီကိုသမ္မတလို့ အစပိုင်းမှာ သမ္မတက မှားပြောခဲ့ပါတယ်။ အပြစ်မဲ့သူအများအပြား ငတ်မွတ် ဒုက္ခရောက် သေကြေနေတာမို့ ရပ်တန်းကရပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။ ဓါးစာခံတွေ လွတ်မြောက်လာရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရနိုင်ဖို့လည်း သူအစွမ်းကုန်ကြိုးစားနေပါတယ်လို့ ပြောကြားသွားပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာမှာ လိုတာထက်ပိုပြီး စစ်ဆင်နေတယ်လို့ အခုလို သမ္မတ Biden ကပြောနေချိန်မှာပဲ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။ တောင်ပိုင်း Rafah မြို့ထဲက လူနေအဆောက်အဦးတခုအပေါ် ဒီနေ့အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း ၅ ယောက်ထက်မနည်းသေဆုံးတယ်လို့ ဂါဇာကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ကြာသပတေးနေ့ညကလည်း ဂါဇာအလယ်ပိုင်းမှာ ညလုံးပေါက်တိုက်ခိုက်မှုအတွင်း တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

အစ္စရေး ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ၂ ရာကျော် ဖမ်းဆီးခံသွားရတဲ့ Hamas တို့ရဲ့ တိုက်ခိုက်မှုအပေါ် အစ္စရေးစစ်တပ်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်နေမှုကြောင့် လူဦးရေ ၂ သန်းခွဲလောက်ရှိတဲ့ ဂါဇာလူဦးရေထက်ဝက်လောက် အီဂျစ်နဲ့နယ်စပ်ဖြစ်တဲ့ Rafah မြို့မှာရောက်ရှိခိုလှုံနေကြပါတယ်။ Rafah မြို့ထဲဝင်ရောက်တိုက်ဖို့ အစ္စရေးဝန်ကြီးချုပ်က စစ်တပ်ကို ပြင်ဆင်ခိုင်းထားတာမို စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG