သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာထိုးစစ်ဆင်နေတဲ့ အစ္စရေးကို ဖီဖာပွဲတိုင်း ဝင်ပြိုင်ခွင့်မပေးဖို့ အီရန်တောင်းဆို


Kosovo Israel Euro 2024 Soccer
Kosovo Israel Euro 2024 Soccer

ဂါဇာထိုးစစ်ဆင်နေတဲ့ အစ္စရေးကို ဖီဖာပွဲတိုင်း ဝင်ပြိုင်ခွင့်မပေးဖို့ အီရန်တောင်းဆို

ဂါဇာဒေသကို ထိုးစစ် ဆင်နွှဲနေတဲ့ အတွက်ကြောင့်ဆိုပြီး ၊ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် နိုင်ငံတကာ ဘောလုံးပွဲတိုင်းမှာ အစ္စရေးဘောလုံးအသင်းကို လုံးဝ ပါဝင်ခွင့် မပေးဖို့ အီရန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ဒီ တောင်းဆိုချက်ကို အီရန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ စနေနေ့က သတင်းထုတ်ပြန်ထားတာပါ။

အစ္စရေးက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက်ရော ၊ ဂါဇာဒေသက အပြစ်မဲ့ အရပ်သား ပြည်သူတွေ လိုအပ်နေတဲ့ အစာရေစာ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ လမ်းကြောင်းကို အစ္စရေးက ဆက်လက်ပိတ်ဆို့နေတာအတွက် FIFA အဖွဲ့ဝင် နိုင်ငံတွေက အစ္စရေးကို ဝိုင်းဝန်းတားမြစ်ကြဖို့လိုပြီး ၊ ချက်ချင်း အလေးထား လုပ်ဆောင်ဖို့ မေတ္တာရပ်ခံတယ်လို့ အီရန်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အစ္စရေးနိုင်ငံရဲ့ တည်ရှိမှုကို အီရန်က လုံးဝ လက်မခံပဲ ၊ ကမ္ဘာ့ရန်ဖက် နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ၊ နှစ်နိုင်ငံ အားကစားသမားတွေကြား ဆက်ဆံရေးကို တားမြစ်ထားပါတယ်။ ပိုလန်နိုင်ငံက ပြိုင်ပွဲတခုအတွင်း အစ္စရေး အလေးမ−အားကစားသမားတဦးကို လက်ဆွဲနှုတ်ဆက်ခဲ့လို့ဆိုပြီး အီရန် အလေးမ အားကစားသမားတဦးကို အီရန် အာဏာပိုင်တွေက တသက်တာ အားကစားလုပ်ဆောင်ခွင့် ပြီးခဲ့တဲ့ သြဂုတ်လထဲ ပိတ်ပင်လိုက်ပါတယ်။

ဟာမတ်စ် စစ်သွေးကြွအုပ်စုက အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို ဝင်တိုက်ခဲ့ပြီးနောက် ဖြစ်လာရတဲ့ ဂါဇာစစ်ပွဲကြောင့် အစ္စရေးဘက်မှာရော ဟာမတ်စ်ဘက်မှာပါ လူထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဟာမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှု အောင်မြင်တာကို ကြိုဆိုတယ်လို့ အီရန်က ပြောခဲ့ပေမယ့် ၊ တိုက်ရိုက် ပါဝင်ပတ်သက်တာ လုံးဝ မရှိဘူးလို့တော့ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG