သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပြန်ပို့


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃၀၀ကျော်ကို ရေ‌ကြောင်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကဒီကနေ့ ပြန်ပို့လိုက်ပါပြီ။ သင်္ဘောနဲ့ ၂ သုတ်ခွဲပြီး ပြန်လည်ပို့ဆောင်ခဲ့တဲ့ သူတွေထဲမှာ ထိခိုက်ဒဏ်ရာရနေသူတွေလည်းပါတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ ကပြောပြမှာပါ။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ ရေကြောင်းကနေတဆင့်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရိုဟင်ဂျာအရေးကူညီပေးနေသူ ကိုတင်စိုးက အခုလို ပြောပါတယ်။

"ဒီနေ့ကြာသပတေးနေ့မလား ဒီနေ့ပို့မှာ ဒါကိုသူတို့ဘက်က ‌ပြောချင်တာမဟုတ်ဘူး သွားတာတော့သင်္ဘောနဲ့သွားမှာ။ ၃၀၀ ကျော်တယ်။သူတို့ကသင်္ဘော နဲ့ပို့မှာ.။ သူတို့မှာ အစီအစဉ်လုပ်ထားတာ ပထမကတော့သူတိုကလေယာဉ်နဲ့ပို့ဖို့ စီစဉ်ရှိတယ်။ ဒါပေမယ့် စစ်တပ်က သင်္ဘောနဲ့ဘဲခေါ်မယ်ဆိုပြီးတော့ လုပ်တာ ဒီကတော့အားချင်းပို့ချင်တာ။ ဘင်္ဂလားဒေရှ်ဘက်က ဟိုဘက်ကသူတို့လူတွေလာတယ်။ စကားတွေဘာ‌တွေ‌ ပြောတယ်။ သူတို့သင်္ဘောနဲ့ခေါ်မယ်လို့ပြောကြတယ်။ ကျနော်သိသလောက်ဆိုရင်တော့ သူတို့ဒီကနေသင်္ဘောနဲ့ လုံခြုံရေးနဲ့ bay of ဘန်ကောကိုပို့မယ် အဲကနေတဆင့်သွားပေါ့ "

ဒီလူတွေကို သင်္ဘောနဲ့ ၂သုတ်ခွဲပို့ဆောင်ဖို့ပြင်ဆင်ထားပြီး ပထမအသုတ်မှာ အယောက် ၂၀၀နီးပါးတင်ကာ ဒီမနက်ပိုင်းမှာ ပို့ဆောင်ခဲ့ပြီး ကျန်လူတွေကိုလည်း ဒီညနေပိုင်းမှာ ထပ်မံ့ပို့ဆောင်မယ်လို့သူကပြောပါတယ်။ ပြန်ပို့ခံရတဲ့ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ၇ ရက်နေ့ အတွင်းဝင်ရောက် လာသူတွေဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် (AA) နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲပြင်းထန်ချိန်မှာ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ တာဖြစ်ပါတယ်။

ဒီကနေ့ပြန်လည်ပို့ဆောင်ခံရသူတွေမှာ ဒဏ်ရာရသူတွေလည်းပါဝင်တယ်လို့ ကိုတင်စိုးကပြောပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်ထဲနေထိုင်ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သတ်လို့ သူကအခုလို‌ပြောပြလာပါတယ်။

"တချို့တွေ သေနတ်ဒဏ်ရာရထားတာရှိတယ်။ ဒီမှာဆေးတော့ ယာယီကုပေးထားတယ်။ MSF နဲ့ချိတ်ပေးထားတယ်။ ပထမကတော့ သူတို့က နယ်စပ်နားက တောင်ပြို ဟိုဘက်တောင်ပြိုမဟုတ်ဘူး ဒီဘက်တောင်ပြိုမှာ ထားတယ်။ အဲကကျောင်းတခုမှာထားတယ်။ သိပ်တော့မဟန်ဘူး စောင်တွေဘာတွေမရှိဘူး ဖြစ်သလိုနေရတယ်။ အဲကနေ ကားနဲ့ခေါ်လာတယ်။ ဘယ်သယ်သွားမယ်မပြောဘူးကျနော်သိသလောက်ကတော့ ဒုက္ခသည်စခန်းနားမှာထားတယ် အဲမှာမြန်မာပြည်ဘက်ပြန်ပို့မယ့်သူတွေကိုထားဖို့ စခန်းလုပ်ထားတာရှိ တယ်။ အဲဒီနေရာမှာထားတယ် အဲဒါကို MSFကဆေးကုပေးတယ်။ လက်နက်တွေကိုဒီက နယ်စပ်လုံခြုံရေးတပ်ကယူထားတယ်။ ကျနော်သိသလောက်က သူတို့ပြန်ရင်ထုတ်ပိုးပေးမယ်ပြောတယ်။"

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြချက်အရ ပြန်ပို့ခံရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်လာသူ ၃၃၀ အနက် BGP အဖွဲ့ဝင် ၃၀၂ ဦး၊ BGP အဖွဲ့ဝင် မိသားစုဝင် လေးဦးနဲ့ တပ်မတော်သား မဟုတ်သူ လေးဦးတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ သံအမတ်ကြီး ဦးအောင်ကျော်မိုး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာကော့ဘဇားခရိုင် Inaniမှာရှိတဲ့ ရေတပ်ဆိပ်ခံတံတားသို့ ရောက်ရှိလာခဲ့ကာ ဒီလူတွေကိုလက်ခံခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကို မကြာခင်ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ် (Hasan Mahmud) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့မှာ ပြောကြားထားပြီးနောက်ပိုင်းမှာဘဲ အခုလိုပြန်ပို့လိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အဲဒီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန် တွေကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်က ပြီးခဲ့တဲ့ ရက်ပိုင်းက ‌‌ပြောဆိုခဲ့ပါသေးတယ်။

ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် (AA) နဲ့စစ်ကောင်စီ တို့ကြားတိုက်ပွဲပြင်းထန်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အိန္ဒိယဘက်၊ ဘင်္ဂလားဒေရှ်ဘက်ကို ထွက်‌ပြေးတိမ်းရှောင်တာတွေလုပ်ခဲ့ပါတယ်။ မကြာခင်ကလည်း အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် အယောက် ၇၀၀ နီးပါးကိုအိန္ဒိယဘက်ကနေပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

လက်ရှိတော့ဒီထွက်ပြေးခိုလှုံသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပတ်သတ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုဗွီအိုအေက ဆက်သွယ်နေပေမယ့် ခုထိပြန်လည်ဖြေဆိုတာမရှိသလို သတင်းထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG