သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် နောက်ထပ် ၆၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး


BANGLADESH-MYANMAR-CONFLICT
BANGLADESH-MYANMAR-CONFLICT

ရက္ခိုင့်တပ်တော် (AA) နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ လက်အောက်ခံ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် နောက်ထပ် ၆၃ ဦးဟာ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံလာကြတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။

အသစ်ထွက်ပြေးလာသူတွေဟာ ကော့ဘဇား (Cox's Baza) ခရိုင်၊ တက္ကနက်ဖ် (Teknaf) ခရိုင်ခွဲ နယ်နိမိတ်အတွင်းက Ulubonia (အူလူဘိုနီယာ) နယ်ခြားမှတ်တိုင်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲကိုဝင်လာခဲ့ကြတာပါ။ သူတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က လက်နက်တွေဖြုတ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် BD News သတင်းဌာနက ပြောပါတယ်။ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ (ဖေဖော်ဝါရီ ၄ ရက်) ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို စတင်ထွက်ပြေးနေကြတာဖြစ်ပါတယ်။

အခု (၄) ရက်အတွင်း နယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အများစုအပါအဝင် စစ်ကောင်စီတပ်သားဦးရေက စုစုပေါင်း ၃၈၈ ဦး ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် (Hasan Mahmud) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေရဲ့ ပြောကြားချက်အရ မြန်မာဘက်ခြမ်းကနေ ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရပေမယ့် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့မွန်းတည့်ပိုင်းကြားမှာတော့ အရင်ရက်တွေလောက် တိုက်ပွဲတွေ မပြင်းထန်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲအထိ သေနတ်နဲ့ မော်တာကျည်တွေ ကျရောက်ခဲ့ပြီး နေအိမ်တွေကိုလည်းထိမှန်ခဲ့လို့ ဘင်္ဂလားဒေ့ရှ် ဒေသခံ အမျိုးသမီး (၁) ဦးနဲ့ သက်ကြီးပိုင်း ရိုဟင်ဂျာ အမျိုးသား (၁) ဦးတို့ ဖေဖော်ဝါရီ ၅ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ဒီ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က စစ်ကောင်စီရဲ့ သံအမတ်ကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၆ ရက်) က ဆင့်ခေါ်ပြီး ထိခိုက် သေဆုံးဒဏ်ရာရသူတွေအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

အင်္ဂါနေ့ နံနက်ပိုင်းမှာလည်း ဂူဒမ် (Ghumdhum) မြို့ နယ်စပ်မှာ လူနေအိမ်ခြံတခု ရှေ့ နောက်ထပ် မော်တာကျည်တခု ကျရောက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့ နိုင်ကျုံးချာရီ တွမ်းဘရူး (Tumbru) နယ်မြေ အနီး မြန်မာနယ်စပ် ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်က ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီရဲ့ နယ်ခြားစောင့် ကင်းစခန်းတခုကို သိမ်းပြီးကတည်းက နယ်ခြား စောင့်ရဲတပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်း တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲကို စစ်ကောင်စီရဲ့ စစ်လေယာဉ်တွေက ဗုံးကျည်ဆန်တွေ ကျရောက်ခဲ့ဖူးသလို စစ်ရဟတ်ယာဉ်တွေလည်း ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို ဝင်ရောက်ခဲ့ဖူးလို့ အဲ့တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဒက္ကားမြို့တော်က မြန်မာ စစ်ကောင်စီ သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG