သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောပေါက်ကွဲမှု နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံး


မောင်တောမြို့အပြင်ဘက် လုံခြုံရေးယူနေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ
မောင်တောမြို့အပြင်ဘက် လုံခြုံရေးယူနေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ ရဲကင်းစခန်းအတွင်း မနေ့ညနေပိုင်းမှာ လက် ပစ်ဗုံးပေါက်ကွဲခဲ့တာကြောင့် နယ်ခြားစောင့်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ သာယာကုန်း ရဲကင်းစခန်းပေါက်ကွဲတာကိုတော့ တပ်မတော်ဖက်က အတည်မပြုခဲ့ပါဘူး။ ဒါ့အပြင် ဘူးသီး တောင်မြို့နယ်က တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ရွာသား (၁၀)ဦးကျော်ကို ဒီကနေ့ ICRC နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကနေ သွားရောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။။

မောင်တောမြို့နယ် သာယာကုန်း နယ်ခြားစောင့်ရဲကင်းစခန်းဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် တဦးဟာ မောင်တောဆေးရုံရင်ခွဲရုံမှာရောက်ရှိနေပြီး ဖြစ်စဉ်အခြေအနေကိုတော့ မောင်တော လူမှုအကူညီ ပေးရေးအဖွဲ့ ဝင်တဦးကအခုလိုပြောပါတယ်။

“မနေ့တုန်းက တယောက်သေတယ် နှစ်ယောက်ဒဏ်ရာရတယ်။ ဒုရဲအုပ်တယောက်ပါတယ်။ ဒီနယ်ခြားစောင့်လေ။ ကျွန်တော်တို့ကြားမိတာက ဗုံးဖေါက်တယ် လက်နက်ကြီး စစ်ပစ္စည်းပါ ပေါက်တယ်ဆိုပြီးမှ ကြားမိတယ်။ သေတဲ့အလောင်းကျွန်တော်တို့ဆေးရုံမှာရှိတယ်။ ဒီနေ့သဂြိုလ်မှာ။ ကျွန်တော်တို့ကြားတာက အထက်လူကြီးက သူတို့ကို အာဏာပြတယ်ပေါ့။ အာဏာပြနေလို့ သူတို့မခံချင်လို့ အဲဒီလိုဘဲဖြစ်မှာပေါ့။”

ဗုံးပေါက်ကွဲမှုှု ဖြစ်စဉ်မှာ တပ်ဖွဲ့အချင်းချင်းအကြား မကျေနပ်မှုတွေရှိလို့ တမင်ဖေါက်ခွဲတာလို့ ဒေသခံတွေ က ယူဆနေကြတာပါ။

သာယာကုန်းကျေးရွာသား ကိုလှသိန်းကတော့ ပေါက်ကွဲမှုဟာ မတော်တဆကြောင့်ဖြစ်ပြီး ဒဏ်ရာရသူတွေကို မောင်တောဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

“ဖြစ်စဉ်ကတော့ (၃)နာရီခွဲကျော်ကျော် အဲဒီအချိန်လောက်မှာလေ။ သူတို့ကကိုင်ဆောင်ထားတဲ့ ဗုံးအသီးပေါ့နော်။ အဲတာလေးကိုဆွဲဖြုတ်တဲ့ အခါမှာ အရာရှိကတော့ကိုယ်တိုင် ပါတာပေါ့။ အဲအရာရှိတွေ ဆွဲဖြုတ်တဲ့အခါမှာ ပေါက်ကွဲတယ် အဲဒီသဘောဖြစ်နေပါတယ်။ အခု လက်ရှိကျတော့ဒဏ်ရာရတဲ့(၃)ယောက်ပေါ့နော။ အဲအရာရှိကလဲ ပါတာပေါ့။ မောင်တော ဆေးခန်းမှာ အခုရောက်နေပြီး။ ဒဏ်ရာအခြေအနေကတော့ တယောက်ကတော့သေမလားရှင်မလား တော့ အဲတာတော့ မပြောနိုင်သေးဘူး။”

သေဆုံးသူဟာတပ်သား အောင်မျိုးထွန်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဒုရဲအုပ်ကျော်နိုင်လင်း ရဲတပ်သား ထန်ဟုန်း နဲ့အခြားတယောက်တို့ဖြစ်ကြပါတယ်။

ဒီဗုံးဖေါက်ခွဲမှုဖြစ်စဉ်အခြေအနေကိုသိရှိဖို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့မသိရှိသေးဘူးလို့ပြောပါတယ်။

“သာယာကုန်းရဲကင်းဆိုတာ ကျွန်တော်ကြားတောင်မကြားဘူးဘူး။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း ကတော့ ခရီးလွန်နေလို့ အခြေအနေကို မသိရှိကြောင်း ပြောပါတယ်။

“ကျွန်တော်လောလောဆယ် ခရီးသွားနေတာဗျ။ အဲတာလေး ကျွန်တော်သတင်းပြတ် နေတာဗျ။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာလဲ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား စစ်ရေးပြင်းထန် နေသလို ပဋိပက္ခအကြား အရပ်သားတွေထိခိုက်မှုတွေရှိနေတာပါ။

အောက်တိုဘာလ (၅) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ရွာသူ၊ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးသွားပေမဲ့ ရွာသား (၁၁) ဦးကတော့ ရွာထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ပိတ်မိရွာသားတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဒီကနေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ် လို့ ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“သူတို့က အဲဒီမှာ(၁၁)ယောက် ပိတ်မိနေပြီးတော့ ကျွန်တော်တို့က သက်ဆိုင်ရာတွေကို ညှိနှိုင်ပေးတယ်ပေါ့။ ပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ကျွန်တော်တို့ ICRCကြက်ခြေနီနဲ့ ပေါင်းပြီးမှ စကခ(၁၅)က တပ်က လူတွေကို ပြောတယ်။ ပြီးမှ သူတို့က ရွာကို မဝင်ရဘူး။ ကြက်ခြေနီ အဖွဲ့က အပြင်မှာ နေရတယ်။ အဲဒီလူတွေလမ်းလျှောက် လာရတယ်။ အခုကအဲဒီမှာ ကားကကြိုနေတယ်။ ပြီးမှ ဒီမှာအခုလာတာ။”

အလားတူတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာအုပ်စု ကွမ်းတောင်ရွာထဲမှာလဲ ရွာသား(၃)ဦး ပိတ်မိနေကြောင်း ဦးအောင်သောင်းရွှေကပြောပါတယ်။ မနေ့ကလဲ သရက်ပြင် ကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဗုံးပေါက်ကွဲမှုအပါအဝင် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှု (၈၀)ကျော်ရှိနေပြီး ဒဏ်ရာရရှိသူ(၁၂၀)ကျော်ရှိနေတယ်လို့လဲ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

.......................

{Unicode}



















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG