သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းချခံနေရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံး


ရုရှားနိုင်ငံရေး အတိုက်အခံခေါင်းဆောင် Alexei Navalny ကိုမော်စကိုတရားရုံး ရုံးထုတ်ချိန်မှာ တွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)
ရုရှားနိုင်ငံရေး အတိုက်အခံခေါင်းဆောင် Alexei Navalny ကိုမော်စကိုတရားရုံး ရုံးထုတ်ချိန်မှာ တွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၂၊ ၂၀၂၁)

ရုရှားနိုင်ငံမှာ ထောင်ဒဏ် ၁၉ နှစ်ချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny အသက် ၄၇ နှစ်မှာ သေဆုံးသွားပြီလို့ ရုရှားအကျဉ်းဦးစီးဌာနက ကြေညာပါတယ်။ ရာသီဥတုကြမ်းတမ်းတဲ့ အာတိတ်စက်ဝိုင်းဒေသထဲမှာရှိပြီး ရုရှားရဲ့ အဆိုးဆုံးအကျဉ်းထောင်တခုဖြစ်တဲ့ IK-3 အကျဉ်းထောင်ထဲမှာ Navalny ဟာ လမ်းလျှောက်နေရင်း လဲကျသွားရာက သတိပြန်မလည်လာတော့ဘူးလို့ အကျဉ်းထောင်က သတင်းထုတ်ပြန်ပါတယ်။

သူလဲကျသွားတဲ့နေရာကို ဆေးဝန်ထမ်းတွေချက်ချင်း သွားရောက်ကုသပေးခဲ့သလို အရေးပေါ်ဆေးရုံကား ခေါ်ပေးခဲ့ကြောင်းနဲ့ အရေးပေါ် ကုသပေးသူတွေရောက်လာချိန် သေဆုံးသွားပြီလို့ အတည်ပြုကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဘာကြောင့်သေဆုံးသွားတယ်ဆိုတာကို စုံစမ်းနေတယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ အကျဉ်းထောင်ရှိတဲ့နေရာကို ချက်ချင်းလိုက်သွားကြောင်း Alexei Navalny ရဲ့ရှေ့နေက လူမှုကွန်ရက်မှာ အသိပေးခဲ့ပါတယ်။ Navalny ကွယ်လွန်တဲ့သတင်းကို သမ္မတ ဗလာဒီမီယာ (Vladimir Putin) ကိုအသိပေးခဲ့ပြီးဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရက ပြောပါတယ်။

Alexei Navalny ဟာ သမ္မတပူတင်ကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူတယောက်ဖြစ်ပါတယ်။ ရုရှားအစိုးရ အဂတိ လိုက်စားမှုတွေကို ဝေဖန်ခဲ့တဲ့သူတယောက်လည်းဖြစ်ပြီး သူဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်မှာ အာရုံကြောထိခိုက်စေတဲ့ Novichok အဆိပ်မိခဲ့လို့ Alexei Navalny ဂျာမနီမှာ သွားရောက်ကုသမှုခံခဲ့ပြီး ၂၀၂၁ ခုနှစ်က ဂျာမနီကနေ ရုရှားအပြန်မှာ ဖမ်းဆီး ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် Alexei Navalny သေဆုံးသွားမှုဟာ အားလုံးအတွက် ကြေကွဲစရာဖြစ်တယ်လို့ ရုရှားလူ့အခွင့်အရေးတက်ကြွသူ Oleg Orlov ကပြောကြားခဲ့ပါတယ်။ သူသေဆုံးသွားတာဟာ ရုရှားပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံခေါင်းဆောင်တွေ တုံ့ပြန်ခဲ့ကြပါတယ်။ Alexei Navalny ဘာကြောင့် သေဆုံးတယ်ဆိုတဲ့မေးခွန်းကို ရုရှားဖြေဆိုရမယ့် တာဝန်ရှိတယ်လို့ NATO တပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG