သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေတိမ်းရှောင်


ဟိုပုန်း၊ မိုင်းပွန်နဲ့ လွယ်လင်တကြောမှာ ကားတွေပိတ်နေကြောင်း ဒေသခံတွေပြောဆို (ဓာတ်ပုံ -CJ)
ဟိုပုန်း၊ မိုင်းပွန်နဲ့ လွယ်လင်တကြောမှာ ကားတွေပိတ်နေကြောင်း ဒေသခံတွေပြောဆို (ဓာတ်ပုံ -CJ)

လွိုင်လင်မြို့နယ် နမ့်ဘော်ခမ်းကျေးရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေသလို မိုင်းပွန်မြို့ဘက်ကိုလည်း စစ်အင်အားဖြည့်တင်းတာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တောင်ကြီး -ဟိုပုံး- မိုင်းပွန်-လွယ်လင်တကြောမှာ ကားလမ်းတွေ ပိတ်ထားကြောင်းနဲ့ တချို့ကျေးရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း က ဟိုပုံး- မိုင်းပွန်ဒေသက တိုက်ပွဲသတင်းနဲ့ ပတ်သတ်လို့ ကိုစည်သူ က တင်ပြထားပါတယ်။

ဟိုပုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA အကြား တိုက်ပွဲတွေဟာ ဒီလ ၂၀ရက်နေ့က စတင်ခဲ့ပြီး ၂၁ရက်နေ့မှာတော့ လွယ်လင်မြို့နယ်ဘက်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့မှာလည်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးရှိ နမ့်ဘော်ခမ်းရွာဘက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို မိုင်းပွန်ဘက်ကို စစ်ကောင်စီက တပ်အင်အားတွေ ပို့ဆောင်နေကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ မနေ့ကရွာလေ၊ လက်နက်ကြီး ပစ်ထုနေတဲ့နေရာ၊ နမ့်ဘော်ခမ်းတန်ရွာ အဲဒီရွာ ပြန်သွားချနေတာ။ ဒီမနက်ရော ဒီနေ့လည်ရော ချနေတယ်။ လွိုင်လင်မြို့နယ်ထဲက မိုင်းပွန်ဟိုဘက်ကပေါ့။ ဒီနေ့မှာ ဆက်ဖြစ်နေတယ်။ လက်နက်ကြီးက ဒီ ပွန်ချောင်းအနောက်ဘက်နားကနေ အရှေ့ဘက်ခြမ်းကို ချတယ်။ နောက်ပြီးတော့မှ ပွန်ချောင်းကနေလည်း ချတယ်။ သံချပ်ကာ မနေ့ညကတည်းကသွားလိုက်တာ အစီး ၃- ၄၀ ပဲ။ နမ့်စန်ကနေ မိုင်းပွန်ဘက်သွားပြီး ဘယ်ဘက်ကို တပ်ဖြန့်မလဲတော့ မသိဘူး။ မိုင်းစိတ်ဘက်ကို မနေ့က သံချပ်ကာကား ၄စီး ဆင်းသွားတယ်။ ဟိုနားဘက်၊ မိုင်းစိတ်ဘက်ကတော့ မနေ့က တော်တော်လေး အင်အားဖြည့်ကြတယ်။ ”

ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားတာကြောင့် ဟိုပုန်း၊ မိုင်းပွန်နဲ့ လွယ်လင်တကြောမှာ ကားအသွားအလာ တွေကို ပိတ်ထားကြောင်း၊ ဟိုပုံးမြို့နယ်ထမ်းဆမ်းဂူနဲ့ မိုင်းပွန်ဒေသတဝိုက်မှာ လေယာဉ်ပျံဝဲတာတွေ ရှိကြောင်း အခြားဒေသခံတွေက ပြောပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရှဲင်းယံက မနေ့က ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ ဒီကနေ့တော့ သတင်းတက်လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ မနေ့ကတော့ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်းတနေရာမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ကျနော်တို့ PNLA လုံခြုံရေးစစ်ကြောင်းကို လာရောက် တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားမှုမှာတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အလောင်း ၄လောင်းကျန်ရှိခဲ့ပါတယ်။ ပြီးတော့ လက်နက်ငယ် ၄လက်နဲ့ ကားတစီး၊ ၆၀မမ လက်နက်ကြီးတလက်နဲ့ ကျည်ဆံခဲယမ်းတွေ အချို့ကို သိမ်းဆည်းရမိခဲ့တာရှိပါတယ်။ ဒီကနေ့ အခြေအနေကတော့ မြေပြင်ကနေ အစီရင်ခံလာတာ မရှိသေး ပါဘူးခင်ဗျာ။ ”

ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်အစပ်ဒေသမှာ ၃ရက်ကြာဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အချို့ ကျေးရွာတွေ ရွာလုံးကျွတ်ထွက်ပြေးနေကြကြောင်းလည်း ပအိုဝ်းလူ့အခွင့်အရေး လှုပ်ရှားသူ တဦးက အခုလို ပြောပါတယ်။

“ ပြီးခဲ့တဲ့ရက်ကပေါ့လေနော်။ တိုက်ပွဲတွေ စဖြစ်တော့ ဟိုဘက်မှာ နောင်အယ်ဘက်မှာ တိုက်ပွဲတော့ မဖြစ်ပေမဲ့လည်း ဗုံးလာကြဲတာမျိုးရှိတော့ အဲဒီဘက်က ဒေသခံက ထွက်ပြေးတိမ်းရှောင်ရတယ်။ တချို့ကျတော့လည်း ဟိုပုံးဘက်ကို ဆင်းပြီး ပြေးလာတဲ့ဟာမျိုးတွေရှိတယ်။ တချို့ကျတော့လည်း မိုင်းပွန်နဲ့ နမ့်စန်ဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတွေလည်း ရှိတယ်ပေါ့လေနော်။ အဲဒါ အခုလောလောဆည်တော့ အဲဒီဘက် ပိတ်ထားတဲ့အနေအထားမျိုးမှာ ရှိတယ်။ စစ်ကောင်စီက စစ်ဆေးမေးမြန်းတာမျိုးတွေတော့ ရှိတယ်ရှင့်။ ပုံအယ်ကျေးရွာရယ်၊ အဲဒီ နီးစပ်ရာ ဒေသက လူတွေပေါ့လေနော်၊ ကြိုပြီးတော့မှ ရှောင်ထားတဲ့အနေအထားမျိုးမှာ ဖြစ်တယ်ရှင့်။ ပုံအယ်နားအနီးတဝိုက်ကျေးရွာတွေကတော့ ရွာလုံးကျွတ်နီးပါး ရှောင်ကြတယ်။ အဓိက ကတော့ ရွာမှာက သက်ကြီးရွယ်အိုနဲ့ ရှောင်ဖို့ အဆင်မပြေတဲ့လူလောက်ပဲ ကျန်ခဲ့တယ်ရှင့်။”

ဒီကနေ့မှာတော့ လဲချားနဲ့ ပင်လုံကားလမ်း အနောက်ဘက် ဆနင်းတောင်ကြောမှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ဒေသခံအချို့က ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။ အဲဒီ ဆနင်းတောင်ကြောဘက်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်ဖွဲ့တွေ နေရာယူထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်ဒေသတိုက်ပွဲတွေဟာ ဇန်နဝါရီလ ၂၁ရက်နေ့က စတင်ဖြစ်ခဲ့တာပါ။ ဇန်နဝါရီလ ၂၄ရက်မှာတော့ PNLA တပ်ဖွဲ့တွေက ဆီဆိုင်မြို့ကို သိမ်းယူပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဆီဆိုင်မြို့နယ်က ဒေသခံ အနည်းဆုံး ၇သောင်းခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG