သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတွေ အမေရိကားမှာ ယာယီနေထိုင်ခွင့် သက်တမ်းတနှစ်ခွဲတိုး


အမိမြေလုံခြုံရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံး
အမိမြေလုံခြုံရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံး

မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန်နိုင်ငံမှာ (TPS) ယာယီနေထိုင်ခွင့် ကိုနောက်ထပ် တနှစ်ခွဲ သက်တမ်း ထပ်တိုးလိုက်တယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီး Alejandro N. Mayorkas က မတ်လ ၂၂ ရက် သောကြာနေ့မှာ ကြေညာပါတယ်။

အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတခုခုရဲ့ နိုင်ငံသားဖြစ်မထားသူတွေ အနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် လျှောက်ထားဖို့ ၂၀၂၁ ခုနှစ်ကစတင် ခွင့်ပြုခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ အခုချိန်အထိ အန္တရာယ် ကြီးနေသေးတာကြောင့် သူတို့အတွက် TSP ယာယီနေထိုင်ခွင့်ကို ဒီနှစ် ၂၀၂၄ မေလ ၂၆ ရက်နေ့ကနေ ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ နောက်ထပ် ၁၈ လ ထပ်မံ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ TPS အဆင့် ပေးဖို့ သတ်မှတ်ရမယ့် အနေထားနဲ့ ကြုံနေရဆဲ ဖြစ်တဲ့အတွက် ဒီခံစားခွင့်နဲ့ လက်ရှိ အကြုံးဝင်သူတွေ လျှောက်ထားနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကိုပါ ထုတ်ပြန်ပေးခဲ့တာပါ။ TPS အတွက် ကနဦး ပုံစံ I- 821 ကို ဖြည့်ပြီး လျှောက်ရမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေကို စီစစ် လက်ခံပြီးရင် အလုပ်လုပ်ခွင့် ပါမစ်လည်း ထုတ်ပေးမှာဖြစ်ပါတယ်။

အခု လက်ရှိမှာ အကြုံးဝင်သူ ၂၃၀၀ လောက်ဟာလည်း သတ်မှတ်ချက်နဲ့ ဆက်ပြီး ကိုက်ညီနေမယ် ဆိုရင် သူတို့ဟာ နောက်ထပ် ၁၈ လ ဆက်လက် နေထိုင်ခွင့် ပြန်လျှောက်ထားနိုင်မှာ ဖြစ်ပြီး အမေရိကန်မှာ ရောက်နေသူ နောက်ထပ် ၇၃၀၀ လောက်ဟာလည်း ၂၀၂၅ နိုဝင်ဘာ ၂၅ ရက် အထိ သက်တမ်းရှိလာမယ့် TPS ယာယီနေထိုင်ခွင့်ဟာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အမိမြေလုံခြုံရေး ဝန်ကြီးရဲ့ အခုလို TPS ယာယီနေထိုင်ခွင့် အတွက် သက်တမ်းတိုးပေးတာကို အမေရိကန် ဒုက္ခသည်နဲ့ ေ့ရွှပြောင်း အခြေချသူများဆိုင်ရာ ကော်မတီက ကြိုဆိုလိုက်ပါတယ်။ ၂၀၂၁ မှာ စစ်အာဏာသိမ်းခဲ့တဲ့ နောက် အခြေနေဆိုးဝါးနေတဲ့ မြန်မာနိုင်ငံကနေ ပြောင်းရွှေ့ အခြေချလာသူတွေ အတွက် နောက်နှစ် နိုဝင်ဘာအထိ နေရပ်ရင်း ပြန်ပို့တာ မခံရပဲ နေထိုင်ခွင့်ရှိတော့မှာ ဖြစ်တဲ့ အပြင် အလုပ်လုပ်ခွင့်ပါ ရစေမယ့် TPS ယာယီနေထိုင်ခွင့် ကို မြန်မာနိုင်ငံအတွက် ဆက်လက်ထားရှိပေးတဲ့ အတွက် ကြိုဆိုကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG