သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုမှာ တိုက်ခိုက်သူတွေ ယူကရိန်းဘက် ထွက်ပြေးမယ်လို့ ရုရှားယုံကြည်

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က မော်စကို မြို့တော် ဆင်ခြေဖုံး Krasnogorsk က Crocus ခန်းမ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မတ် ၂၃ ရက်၊ ၂၀၂၄ မှာ မိန့်ခွန်းပြောကြားစဥ်။ ဓာတ်ပုံ - ရုရှားနိုင်ငံပိုင် Sputnik သတင်းအေဂျင်စီ

မော်စကိုမြို့ ဆင်ခြေဖုံးက ကပွဲရုံတခုမှာ လူပေါင်း ၁၃၃ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု ကျူးလွန်တဲ့ သံသယရှိသူ လေးဦးဟာ ယူကရိန်းနိုင်ငံကို ဦးတည်ထွက်ပြေးဖို့ ယုံကြည်ရပြီး သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သမ္မတ ဗလာဒီမီယာပူတင်က စနေနေ့မှာ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။ ယူကရိန်းနယ်စပ်ဘက်ခြမ်းက သူတို့အတွက် အဆင်သင့်ပြင်ထားတဲ့ “ထွက်ပေါက် လမ်းကြောင်း” မှာ ထွက်ပြေးဖို့ ကြိုးစားနေချိန် သေနတ်သမားလေးဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆိုခဲ့ပါတယ်။

ရုရှားလွှတ်တော်အမတ်တချို့က တိုက်ခိုက်မှုအပြီး ချက်ချင်းဆိုသလို ယူကရိန်းကို လက်ညှိုးထိုး ပြစ်တင်ခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီး ရဲ့ အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak ကတော့ ဒီကိစ္စလုံးဝ ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုပြီး "ယူကရိန်းဟာ အကြမ်းဖက်နည်းလမ်းတွေကို ဘယ်တုန်းကမှ ကျင့်သုံးခြင်းမရှိကြောင်း" နဲ့ "စစ်ပွဲရဲ့ အဖြေ အရာအားလုံးကို စစ်မြေပြင်မှာသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း" လူမှုကွန်ရက် X မှာ ရေးပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရုရှားဟာ စစ်ပွဲကို အရှိန်အဟုန်မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။

ဒီသောကြာနေ့က တိုက်ခိုက်မှုကို အာဖဂန်နစ္စတန် အခြေစိုက် IS ဆက်စပ် အဖွဲ့က သူတို့ လက်ချက်လို့ လူမှုမီဒီယာတွေပေါ်မှာ ကြေညာထားတာပါ။ တိုက်ခိုက်မှုအတွက် IS မှာ တာဝန်ရှိကြောင်း အမေရိကန် အေဂျင်စီတွေက အတည်ပြုထားကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့ အနောက်ဘက်အစွန်းရှိ Crocus မြို့တော်ခန်းမဘေးမှာ ပန်းများ၊ ဖယောင်းတိုင်များထွန်းကာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေ အတွက် အောက်မေ့ဖွယ် ပြုလုပ်နေကြတဲ့ မြင်ကွင်း။ မတ် ၂၃ ရက်၊ ၂၀၂၄ ခုနှစ်၊ (AP ဓာတ်ပုံ/Alexander Zemlianichenko)

တိုက်ခိုက်မှုအတွင်း ရုရှား အာဏာပိုင်တွေက စုစုပေါင်း လူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ဖျော်ဖြေပွဲလာရောက်သူ အများအပြား ဒဏ်ရာရရှိကာ ခန်းမကြီး တခုလုံး ဟာ မီးခိုးလုံးကြီးတွေ ဖုံးလွှမ်း ပျက်ဆီးသွားခဲ့ရတယ်လို့ သမ္မတပူတင်က သူ့ရဲ့ စနေမိန့်ခွန်းထဲမှာ ထည်သွင်း ပြောခဲ့ပါတယ်။ ဒါဟာ “ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်” လို့ ပူတင်က ညွှန်းဆိုပြီး ရုရှားနိုင်ငံတဝန်းမှာ လုံခြုံရေးအစီအမံတွေ တိုးမြှင့် ချမှတ်ထားကာ ဒီနေ့ တနင်္ဂနွေနေ့ကို ဝမ်းနည်းဖွယ်နေ့ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ စနေနေ့မှာတော့ စုံစမ်းစစ်ဆေးသူတွေဟာ မီးလောင်ကျွမ်းနေတဲ့ ခန်းမဆောင် အပျက်အစီးတွေကြားမှာ ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

Forum

XS
SM
MD
LG