သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ဝဘ်ဆိုဒ်အတုတွေ‌” ဖန်တီးတဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့အရေးယူ


ရုရှားက သတင်းဝဘ်ဆိုက်အတုဖန်တီးသူတွေနဲ့ ဝဘ်ဆိုက်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန။ (မှတ်တမ်းရုပ်ပုံ)
ရုရှားက သတင်းဝဘ်ဆိုက်အတုဖန်တီးသူတွေနဲ့ ဝဘ်ဆိုက်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန။ (မှတ်တမ်းရုပ်ပုံ)

ရုရှားအစိုးရကညွှန်ကြားတဲ့ မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုတွေကို တရားဝင်သတင်းဝဘ်ဆိုဒ်တွေ အယောင်ဆောင် ဖန်တီးလုပ်ကိုင်နေတဲ့စွပ်စွဲချက်နဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ရုရှားအခြေစိုက် ကုမ္ပဏီတွေကို အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

မော်စကိုအခြေစိုက် Social Design Agency ကုမ္ပဏီနဲ့ တည်ထောင်သူ Ilya Andreevich Gambashidze နဲ့ ရုရှားအခြေစိုက်ကုမ္ပဏီ Group Structura နဲ့ ပိုင်ရှင် Nikolai Aleksandrovich Tupikin တို့ကို ပစ်မှတ်ထားအရေးယူကြောင်း ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကုမ္ပဏီတွေက ရုရှားအစိုးရကိုယ်စား မီဒီယာအဖွဲ့အစည်းပုံစံ ဝဘ်ဆိုဒ် ၆၀ ကျော်ကိုအတုဖန်တီးပြီး ဒီ ဝဘ်ဆိုဒ်တွေ အောင်မြင်ဖို့အတွက်လည်း လူမှုမီဒီယာအကောင့်အတုတွေကို အသုံးပြုနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"တရားဝင်သတင်းဝဘ်ဆိုဒ်တွေရဲ့အသွင်အပြင်ကို အသေးစိတ် ပုံစံတူယူထားပြီး အတုအယောင် ဝဘ်ဆိုဒ်တွေကို ဖန်တီးတည်ဆောက်ထားတာဖြစ်ပုံရတယ်" လို့ ဘဏ္ဍာရေးဌာနက ပြောပါတယ်။ "ဝဘ်ဆိုဒ်အတုတွေမှာ ထည့်သွင်းထားတဲ့ပုံတွေနဲ့ တရားဝင် ဝဘ်ဆိုက်တွေကို ချိတ်ဆက်ထားတဲ့ လင့်ခ်တွေပါဝင်နေတာ တွေ့ရကြောင်း" ပြောပါတယ်။

ရုရှားက ယူကရိန်းကို အပြည့်အဝကျူးကျော်ခဲ့တာ ၃ နှစ်ထဲဝင်လာချိန်၊ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလို ပိတ်ဆို့အရေးယူမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်စေပြီး ကမ္ဘာတဝန်းမှာ "မလျော်သြဇာလွှမ်းမိုးမှု" တွေ လုပ်ဆောင်နေရာမှာ ရုရှားအစိုးရကကြိုးကိုင်နေတယ်လို့ အမေရိကန်က အကြိမ်ကြိမ် စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာမှာ ရုရှားအစိုးရဟာ သူတို့ရဲ့သူလျှိုကွန်ရက်၊ အစိုးရပိုင် မီဒီယာနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကိုသုံးပြီး ကမ္ဘာတဝန်းက ရွေးကောက်ပွဲတွေအပေါ် လူထုယုံကြည်မှုပျက်ပြားစေဖို့ အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမြောက်ပိုင်း ခါကိဗ် (Kharkiv) စက်မှုဇုန်တခုထဲကို ဗုဒ္ဓဟူးနေ့က ရုရှားဒုံးကျည်ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ပေါက်ကွဲမှုကြောင့် ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်တဲ့ ခါကိဗ်က ပုံနှိပ်စက်ရုံ မီးလောင်ခဲ့ပါတယ်။ “ရရှိထားတဲ့ ကနဦးအချက်အလက်တွေအရ ဒါဟာ ခရုဇ်ဒုံးကျည်တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အဲဒီမှာ မီးအကြီးအကျယ်လောင်နေတယ်” လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Oleh Synehubov က ယူကရိန်းအစိုးရရုပ်သံမှာ ပြောပါတယ်။ မြောက်ဘက်ပိုင်းမှာ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခါကိဗ်ဒေသဟာ ရုရှားရဲ့ နှစ်နှစ်ကျော်ကြာကျူးကျော်မှုအတွင်း တိုက်ခိုက်မှု အများအပြားဖြစ်နေတဲ့ ဒေသတခု ဖြစ်ပါတယ်။

တဘက်မှာလည်း ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရုရှားရဲ့ Belgorod ဒေသကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ယူကရိန်းဒုံးကျည် ၁၃ စင်းနဲ့ ဒရုန်းတစင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံ အနောက်ပိုင်း Saratov ဒေသမှာလည်း ယူကရိန်းရဲ့အဝေးထိန်းဒရုန်း ၄ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG