သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ဦးမော့လာအောင် လုပ်နိုင်ခဲ့တယ်ဆိုတဲ့ စစ်ခေါင်းဆောင်ပြောဆိုမှု မှားယွင်းနေ


ရုရှားနိုင်ငံ TAR-TASS Media ရဲ့ တွေ့ဆုံမေးမြန်းမှုအတွင်းတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ရုရှားနိုင်ငံ TAR-TASS Media ရဲ့ တွေ့ဆုံမေးမြန်းမှုအတွင်းတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီခေါင်းဆောင်

မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဟာ ကိုဗစ်ရောဂါကပ်ဘေးကြောင့်မဟုတ်ဘဲ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ၂၀၁၈ ခုနှစ်လောက်ကတည်းက ကျဆင်းခဲ့တာဖြစ်ပြီး အာဏာသိမ်းအစိုးရရဲ့ ကြိုးစားမှုကြောင့် ၃ နှစ်အတွင်း စီးပွားရေး ပြန်လည် ဦးမော့လာတယ်

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စစ်ဆေးခြင်း

“ကိုဗစ်ရောဂါကြောင့် ဖြစ်တာပဲ မဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ် လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ စီးပွားရေးပြန်လည် နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ စီးပွားရေး နာလန်ထူတာလည်း ရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည် ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ TAR-TASS Media ရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါက မှားယွင်းနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က အာဏာသိမ်းမှု (၃) နှစ်တာအတွင်း မြန်မာ့စီးပွားရေး ဦးမော့လာတယ်လို့ ပြောဆိုနေပေမယ့် မြန်မာ့စီးပွားရေးညွှန်းကိန်းတွေကို ဖေါ်ပြတဲ့ အစီရင်ခံစာတွေမှာတော့ မြန်မာ့စီးပွားရေးကျဆင်းမှုတွေကိုသာဖေါ်ပြကြတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်အစီရင်ခံစာမှာတော့ မြန်မာ့စီးပွားရေးဟာ ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နူန်းကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အရှေ့အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါမတိုင်ခင်က စီးပွားရေးအခြေအနေကို ပြန်လည်ရောက်ရှိမလာနိုင်တော့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၁၂ လတာကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ပဋိပက္ခများကျယ်ပြန့်လာခြင်းတို့ကြောင့် ကုန်စျေးနူန်းမြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့လည်း အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

အာဏာသိမ်းမှု ၃ နှစ်တာအတွင်း မြန်မာငွေတန်းဖိုးကျဆင်းမှုက ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး အရပ်သားအစိုးရလက်ထက်က အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁,၃၀၀ ကျပ်သာ ရှိခဲ့ရာကနေ စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်ချိန်မှာတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၃,၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ် ရရှိရေးမှာ ခြိမ်းခြောက်မှုတွေအပါအဝင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး အခြေခံလိုအပ်ချက် ပြည့်မီဖို့ အခက်အခဲတွေကို မြန်မာနိုင်ငံမှာ ကြုံတွေ့ရနေရတယ်လို့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း စာနာမှု အကူအညီလိုအပ်နေသူ ၁၈.၆ သန်းရှိနေတယ်လို့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ အတားအဆီး အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်နေရသည့် မြန်မာ့ စီးပွားရေးအခြေအနေ အစီရင်ခံစာမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ဆိုးဆိုးရွားရွား ကျဆင်းလာနေတယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုဟာ လာမယ့် စက်တင်ဘာလအထိ ခန့်မှန်းချက်အရ ၃ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ခန့်မှန်းပေမယ့် ဒါက ၂၀၁၉ ခုနှစ်ကနဲ့ ယှဉ်ရင် GDP အနေနဲ့ ၁၀ ရာခိုင်နှုန်း နည်းနေသေးတုန်းပဲလို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာ့စီးပွားရေးဟာ ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၁၉ ခုနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းအထိ သေးငယ်သွားမယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှုကို ၂၀၂၃ ခုနှစ် ဇွန်လ (၂၇) ရက် VOA မြန်မာပိုင်းသတင်းမှာလည်း ဖေါ်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ လောင်ကိုင်၊ချင်းရွှေဟော် စတဲ့ နယ်စပ်ဂိတ်တွေအပါအဝင်၊ နယ်စပ်ဂိတ်တွေကို လက်လွှတ်ဆုံးရှုံးထားရပြီး အဓိကကျတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအချို့လည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ VOA မြန်မာပိုင်းသတင်းက ဖေါ်ပြချက်အရ ၂၀၂၁ ခုနှစ်ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအချို့ ရပ်ဆိုင်းသွားတာကြောင့် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် ဆုံးရှုံးသွားရတာကို တွေ့ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၈ ခုနှစ်လောက်ကနေစတင်ပြီး မြန်မာ့စီးပွားရေးဟာ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ကျဆင်းခဲ့တယ်လို့ ပြောဆိုထားပေမယ့် ၂၀၁၈ ခုနှစ် မေလ (၁၇) ရက်နေ့က ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကို သတင်းထုတ်ပြန်ချက်အတွင်းမှာ ၂၀၁၈/၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနူန်းက အကောင်းဘက်မှာ ရှိနေပြီး ၆.၈ ရာခိုင်နူန်းအထိရောက်လာမယ်လို့ ခန့်မှန်းခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ငွေကြေးဖေါင်းပွမှုနူန်းကလည်း ၂၀၁၈/၂၀၁၉ ခုနှစ်မှာ ၄.၉ ရာခိုင်နူန်းအထိ ကျဆင်းသွားနိုင်တယ်လို့ အစီရင်ခံစာက ခန့်မှန်းခဲ့ပါတယ်။ အစီရင်ခံစာများရဲ့ ဖေါ်ပြချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင်ပြောတဲ့ ၂၀၁၈ ခုနှစ်လောက်ကစပြီး စီမံခန့်ခွဲမှုအားနည်းချက်များအရ ကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေးကို ပြန်လည် နလံထူလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတာကိုတွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတာဝန်ယူထားတဲ့ အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်းမှာ မြန်မာ့စီးပွားရေးဟာ အရပ်သားအစိုးရလက်ထက်ကထက် ဦးမော့လာတယ်လို့ ပြောဆိုသလို အလားတူ ၂၀၂၃ ခုနှစ် မှာ အရပ်သားအစိုးရလက်ထက်ကဖြစ်တဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ်ကထက် GDP တိုးတက်လာခဲ့တယ်လို့ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်များကို ကိုးကားပြီး Macrotrends က တွက်ချက်ထားတဲ့ အချက်အလက်တွေမှာ မြန်မာ့ GDP တန်ဖိုးက ၂၀၁၉ ခုနှစ်မှာ ၆၈.၇၀ ဘီလီယံ ၊ ၂၀၂၀ ခုနှစ်မှာ ၇၈.၉၃ ဘီလီယံရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ၆၅.၁၂ ဘီလီယံအထိ ကျဆင်းခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၂၂ ခုနှစ်မှာ ၅၉.၃၆ ဘီလီယံအထိ ကျဆင်းခဲ့တာကို အချက်အလက်များမှာ တွေ့ရပါတယ်။

XS
SM
MD
LG