သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောမြို့နယ် စစ်ဘေးကြုံ ရွာသားတချို့ ထွက်ပေါက်ပိတ်


စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/ မတ်လ ၂၇၊၂၀၂၄)
စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/ မတ်လ ၂၇၊၂၀၂၄)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာမှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာဆီ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ကျေးရွာထဲမှာ ပိတ်မိနေတဲ့ မီးဘေးသင့် ဒေသခံတွေကို ကူညီနိုင်ဖို့ကလည်း လမ်းကြောင်းအခြေအနေ အန္တရာယ်ရှိလို့ ဒုက္ခရောက်နေကြပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို မသိင်္ဂီထိုက်က ပြောပြမှာပါ။

မွန်-ကရင် နယ်စပ်မှာရှိတဲ့ ဓမ္မသကျေးရွာမှာ မတ်လ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ဒေသခံနေအိမ်တွေ မီးစတင် လောင်ကျွမ်းခဲ့တာပါ။ နောက်တနေ့ မတ်လ ၂၈ ရက်နေ့မှာလည်း စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ထပ်ပြီး ပစ်ခတ်တာတွေကြောင့် မီးလောင်ပြင် ပိုကျယ်ခဲ့ပါတယ်။

မီးဘေးသင့်သူတွေကို ဘေးလွတ်ရာ ခေါ်ထုတ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးပမ်းကြပေမယ့် အခက်အခဲတွေ ရှိနေတဲ့ အခြေအနေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"ဓမ္မသရွာ ရောက်ဖို့အတွက် ဓမ္မသရွာရဲ့ အရှေ့ဘက်ခြမ်းမှာ ကော့ဘိန်း အနီးတဝိုက်ပေါ့၊ အဲဒီမှာ ဝင်ကူညီလို့ရှိရင် အဆင်ပြေတယ်။ ဓမ္မသရွာရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေ၊ စစ်သေနတ်သံတွေ ကြားနေလို့ တခြားရွာကလာမယ့် ကယ်ဆယ်ရေးသမားတွေတော့ ဝင်လို့အဆင်မပြေပါဘူး။ ဒီစစ်ဘေးရှောင်တဲ့ နေရာမှာရှိနေတဲ့ လူဦးရေက ၁,၅၀၀ ကျော် ၂,၀၀၀ ဝန်းကျင်ရှိလို့ အဲဒီမှာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ တကယ်လို အပ်နေတယ်။"

နေအိမ်တွေ မီးလောင်ကုန်လို့ ဒေသခံတွေဟာ သေနတ်သံ မရောက်နိုင်တဲ့ နေရာတွေဆီ သူ့အစုနဲ့သူ စစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ စစ်ရှောင်နေကြတဲ့ နေရာတွေကလည်းများပြီး လိုအပ်ချက်တွေလည်း တော်တော်ရှိနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းကို လက်လွှတ်ဆုံးရှုံး ပြီးတဲ့နောက်မှာ အနီးဝန်းကျင်ကို နေ့စဥ်ဆိုသလို စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာလို့ ရွာခံတွေက ပြောပါတယ်။ ရွာထဲမှာပဲ ရှိနေတဲ့ မီးဘေးသင့်သူတွေကို ကူညီဖို့လာချိန်မှာ လေကြောင်းရန်ကြောင့် ထွက်ပြေးလိုက်ရတဲ့ အခြေအနေကိုလည်း ဓမ္မသရွာခံတဦးက ပြောပါတယ်။

"ကယ်ဆယ်ရေး အဖွဲ့တွေပေါ့။ သူတို့ ရွာကိုလာပြီးတော့ ဆန်၊ ဆီ၊ ဆား လိုအပ်တဲ့ပစ္စည်းတွေကို လာလှူဒါန်းတာပေါ့။ သူတို့က နေအိမ်မီးလောင် ပျက်စီးခဲ့တဲ့ အခြေအနေကိုလည်း သွားကြည့်ချင်တာပေါ့။ ကျနော်က ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်နေသူဆိုတော့ သူတို့ကို ရွာထဲ မီးလောင်ပျက်စီးခဲ့တဲ့နေရာကို လိုက်ပြတာပေါ့နော်။ အဲဒါ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျနော်တို့ ရွာထဲဝင်တဲ့ အချိန်မှာ လေယာဉ်လာပြီး ဗုံးကြဲချတာ၊ ဦးတည်ရာ မရှိဘူး။ အကုန်လုံး ရမ်းသမ်း ပစ်ခတ်နေတာ။ ကျနော်တို့ ရွာထဲ လှည့်ပတ် မကြည့်လိုက်ရဘူး၊ ပြေးလိုက်ရတယ်။"

မတ်လ ၂၈ ရက်၊ ကြာသပတေးနေ့ ညနေပိုင်းအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို မွန်ဘာသာနဲ့ ပြောသွားတာပါ။ အဲဒီနေ့က တိုက်ခိုက်မှုကြောင့် ရွာခံတဦး သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ အခု ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ ဓမ္မသကျေးရွာမှာ အများစုက ၂ ထပ်တိုက် အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ထားကြတာပါ။ ရုတ်တရက် မီးဘေးသင့်ချိန်မှာတော့ ကိုယ်လွတ်ရုန်းပြီး ပြေးလွှားနေရချိန် နေအိမ်သာမကဘဲ စုဆောင်းထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေပါ မီးထဲပါသွားပါတယ်။

"ချက်ချင်း မီးလောင်လို့ ရွှေ၊ ငွေ၊ ပစ္စည်းတွေ ကောက်မမီတဲ့ သူလည်း အများကြီးရှိတယ်။ တချို့က အကျီ ၂ထည်၊ ၃ ထည်ပဲ ကောက်နိုင်ခဲ့တာ။ အကုန်လုံး လောင်ကုန်တယ်။ ဘာမှ မကောက်နိုင်တဲ့ သူလည်း ရှိတယ်။ ဒီမှာက အိမ်ကြီးအိမ်ကောင်းတွေ ဆုံးရှုံးလိုက်ရတယ်။ အိမ်တလုံးတန်ဖိုးက တချို့အိမ်ကြီးအိမ်ကောင်းတွေက သိန်းတစ်ထောင်လောက် တန်ဖိုးရှိတယ်။ အိမ်အသစ် ဆောက်ထားပြီး မနေရသေးတဲ့အိမ်လည်း လောင်သွားတယ်။ စိတ်မကောင်းဘူးပေါ့နော်။"

မီးဘေးသင့်ရွာထဲမှာပဲ ပိတ်မိနေသူတွေ ဆက်ပြီးရှိပါတယ်။ သူတို့အတွက် နေထိုင် စားသောက်ဖို့ အစစအရာရာ ခက်ခဲနေပြီး၊ ကူညီသူတွေ ရောက်လာဖို့ကလည်း လမ်းကြောင်းအခြေအနေ အန္တရာယ်များတယ်လို့ ပြောပါတယ်။

မဟာမိတ် ပူးပေါင်းတပ်တွေ ကော့ဘိန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဝမ်း၊ ကော့ဒွန်း၊ ကော့ပနော၊ အံဂစင်နဲ့ အနီးအနား ကျေးရွာတွေကို နေ့စဥ် လေကြောင်း၊ ရေကြောင်းတွေသုံးပြီး ပစ်ခတ်နေတာကြောင့် ဘာသာရေး အဆောက်အအုံနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်သစ် (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်နက်ကြီးကျရောက်လို့ ရွာလုံးကျွတ်နီးပါး မီးဘေးသင့်နေတဲ့ ဓမ္မသရွာ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Forum

XS
SM
MD
LG