အာရှဒေသတဝန်း အပူချိန် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံစားနေရချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီနေ့ မေလ ၂ ရက်နေ့က စပြီး ကျောင်းချိန်တွေကို ၂ နာရီ လျှော့ချလိုက်ပါတယ်။ ကျောင်းတွေကို မနက် ၇ နာရီကနေ ၁၀ နာရီအထိ ဖွင့်ပြီး မွန်းတည့် နေပူလွန်းတဲ့အချိန်မှာ နားပြီးမှ နေ့ခင်းပိုင်းမှာ ၂ နာရီကနေ ၅ နာရီအထိ ပြန်ဖွင့်မယ့်အကြောင်း ကမ္ဘောဒီးယားအရာရှိတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဖနွမ်းပင်မြို့တော်မှာ ဒီနေ့ အပူချိန်က ၃၉ ဒီဂရီစင်တီဂရိတ် ဒါမှမဟုတ် ၁၀၂ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိပါတယ်။ အိန္ဒိယနိုင်ငံတဝန်းမှာလည်း အပူချိန်ပြင်းထန်တဲ့ ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရပြီး ဇွန်လအထိ အရင်ကထက် ပိုပြီး ခြောက်သွေ့တဲ့ အပူဒဏ်ကို ခံရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့အတူ ရေရှားပါးတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်နေရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ကျောင်းတွေပိတ်ထားခဲ့တာပါ။ အရှေ့တောင်အာရှဒေသတဝန်း အပူဒဏ်ကာကွယ်ဖို့နဲ့ ကျန်းမာရေးအရ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာလည်း အပူချိန်ပြင်းထန်တဲ့ အလယ်ပိုင်း ချောက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ အပူရှောင်စခန်းတွေ ထားရှိပြီး အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းတွေမှာ လူတွေ ယာယီပြောင်းရွှေ့နေထိုင် နေကြပါတယ်။ အပူချိန်ပြင်းထန်တဲ့အတွက် မေလအတွင်း မုတ်သုန်ဝင်ခါနီးကာလမှာ မိုးကြိုးမုန်တိုင်းတွေ ပေါ်လာနိုင်တယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း အပူဒဏ်ကို စံချိန်တင်ခံစားနေရတဲ့အတွက် မန္တလေးတိုင်းအတွင်း နေရာတချို့မှာ ကျန်းမာရေး ထိခိုက်ပြီး သေဆုံးသူတချို့ ရှိနေတယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပေမယ့် သေဆုံးသူ အတိအကျကိုတော့ စစ်ကောင်စီက စာရင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
Forum