သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီလေဆိပ်မှာ လေထုညစ်ညမ်းမှု ဆန္ဒပြ


မြူးနစ် နိုင်ငံတကာလေဆိပ်မြင်ကွင်း။
မြူးနစ် နိုင်ငံတကာလေဆိပ်မြင်ကွင်း။

ရာသီဥတု ပြောင်းလဲလာမှုအရေး တက်ကြွလှုပ်ရှားသူ(၆)ဦးဟာ စနေနေ့က ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ် လုံခြုံရေး အကာအရံစည်းရိုးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပြေးလမ်းတွေကိုသွားတဲ့ လမ်းတွေပေါ်မှာ ထိုင်ပြီး ပိတ်ဆို့ခဲ့လို့ လေယာဉ်ခရီးစဉ်တွေ ယာယီပိတ်ခဲ့ရပါတယ်။

နောက်ဆုံးမျိုးဆက် Last Generation လို့ အမည်ပေးထားတဲ့အဖွဲ့က တက်ကြွလှုပ်ရှားသူတွေဟာ လေယာဉ်ပျံတွေဟာ သဘာဝပတ်ဝန်းကျင်ကို အညစ်ညမ်းဆုံးဖြစ်စေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဆိုပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာလို့ ဂျာမန်သတင်းဌာန DPA က ပြောပါတယ်။ သူတို့ (၆) ဦးလုံးကို ရဲက ဖမ်းဆီးထားပါတယ်။ နာရီအနည်းငယ်ကြာ ပိတ်ဆို့ ဆန္ဒပြမှုကြောင့် လေယာဉ်ခရီးစဉ် ၆၀ လောက်ကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေကို အခြားလေကြောင်းခရီးစဉ်တွေမှာ ပြန်လည်စီစဉ်ပေးခဲ့ရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူ Robert Wilhelm က DPA ကို ပြောပါတယ်။


မြူးနစ်မှာ ဆင်းသက်ဖို့ စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ် ၁၄ ခုကို တခြားလေဆိပ်တွေကို လမ်းကြောင်းပြောင်းပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့ကလည်း ပြောပါတယ်။ နောက်ဆုံးမျိုးဆက်အဖွဲ့ရဲ့ X လူမှုဆိုရှယ်မီဒီယာက ထုတ်ပြန်ချက်မှာတော့ အစိုးရဟာ “ရိုးရိုးသားသားနဲ့ အရေးယူ ဆောင်ရွက်ရမယ့်” အစား လေယာဉ်ပျံသန်းမှုတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်တဲ့ ဆိုးကျိုးတွေကို လျှော့ပေါ့ပြီး ပြောဆိုနေတယ်လို့ စွပ်စွဲထားပါတယ်။

ဂျာမန်ပြည်ထဲရေးဝန်ကြီး Nancy Faeser ကတော့ ဒီလို ဆန္ဒပြမှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုပါတယ်။ “ဒါမျိုး ရာဇဝတ်မှု လုပ်ရပ်တွေက လေကြောင်းသွားလာမှုကို ခြိမ်းခြောက်သလို လူတွေကြား နားလည်မှုကင်းမဲ့စေပြီး ဒေါသဖြစ်စေလို့ ရာသီဥတုဆိုင်ရာ အကာအကွယ်ပေးနေမှုတွေကို ထိခိုက်ကြောင်း” သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လေဆိပ်ကို ပုံမှန်ပြန်လည်ပတ်နိုင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း ဝန်ကြီး Faeser က ချီးကျူးခဲ့ပြီး လေဆိပ်လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး Volker Wissing ကတော့ လက်ရှိ တည်ဆဲဥပဒေတွေကို ထပ်မံတင်းကျပ်ဖို့ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ဂျာမန်လေဆိပ်များအသင်းရဲ့ အထွေထွေမန်နေဂျာ Ralph Beisel ကလည်း တက်ကြွလှုပ်ရှားသူတွေရဲ့ လုပ်ရပ်ကို ဝေဖန်ပါတယ်၊ “လေကြောင်းလုံခြုံရေး ဧရိယာထဲကို ပိုင်နက်ကျူးလွန် ဝင်ရောက်တာဟာ သေးငယ်တဲ့ ပြစ်မှုမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

Pentecost အားလပ်ရက်အချိန်အခါမှာ ထောင်နဲ့ချီတဲ့ ခရီးသည်တွေကို အနှောင့်အယှက် ဖြစ်ပြီး နှောင့်နှေးစေခဲ့တယ်လို့ သူကပြစ်တင်ခဲ့ပြီး လေဆိပ်တွေထဲကို ကျူးကျော်ဝင်ရောက် ဆန္ဒထုတ်ဖော်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရာသီဥတုအရေး လှုပ်ရှားသူတွေဟာ မနှစ် ဇူလိုင်လတုန်းကလည်း ဟမ်းဘတ်နဲ့ Duesseldorf လေဆိပ်တွေမှာ နာရီပေါင်းများစွာ ပိတ်ဆို့ ဆန္ဒပြခဲ့ဖူးပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်စေတဲ့ လမ်းမတွေပေါ် ပိတ်ဆို့ ဆန္ဒပြတဲ့လုပ်ရပ်က ဂျာမန်လူထု လူအများကို စိတ်ဆိုးဒေါသထွက်စေလို့ ဒီနည်းဗျူဟာကို စွန့်လွှတ်ပြီး “အမိန့်ဖီဆန်တဲ့ စုဝေးပွဲ”တွေ ဆက်ပြီး လုပ်ဆောင်မယ်လို့ ဒီအဖွဲ့ကပဲ ဒီနှစ်စောပိုင်း ဇန်နဝါရီလက ကြေညာထားတာပါ။ သူတို့ အဖွဲ့ရဲ့ လုပ်ရပ်တွေကို လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ဂျာမနီနိုင်ငံအကြီးအကဲ အဓိပတိ Olaf Scholz က "လုံးဝ မိုက်မဲတဲ့ လုပ်ရပ်" လို့ ညွန်းဆိုထားပါတယ်။

Forum

XS
SM
MD
LG