သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော် တိုက်ပွဲတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံး


စစ်ဘေးရှောင်လာကြတဲ့ ဝိုင်းမော်ဒေသခံများ (မေ၊ ၂၀၂၄)
စစ်ဘေးရှောင်လာကြတဲ့ ဝိုင်းမော်ဒေသခံများ (မေ၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၆ ယောက် သေဆုံးပြီး၊ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က စတင်ပြီး တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေဟာ လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းယူခဲ့သလို တနင်္လာနေ့ကတော့ ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁တပ်စခန်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဝိုင်းမော်အခြေစိုက် ခလရ ၅၈ က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခဲ့တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေတာပါ။ တနင်္လာနေ့ မွန်းလွဲပိုင်းမှာတော့ ခတ်ချိုရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၆ယောက် သေဆုံးခဲ့ကြောင်း ဝိုင်းမော်ဒေသခံတဦးက ပြောပါတယ်။

“ခတ်ချိုဘက်အသေအပျောက်ရှိတယ်။ ပြည်သူ ၆ယောက် လက်နက်ကြီးကျပြီးတော့ ၆ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ရှိတယ်လို့ ကြားတယ်။ ဒါပေမဲ့ အဲဒါတော့ စာရင်းတော့ မသိဘူး။ သေတဲ့ဟာတော့ ၆ယောက်သေတယ်လို့တော့ စာရင်းတော့ ကြားတယ် အတိအကျပဲ။”

လက်နက်ကြီး ပစ်ခတ်တာနဲ့ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်တာကြောင့် ဝိုင်းမော်မြို့ခံတွေအပြင် အနီးအနားကျေးရွာက လူတွေပါ ဝိုင်းမော်မြို့ မြောက်ဘက် နောင်ချိန်းရွာဘက်ကို တိမ်းရှောင်နေကြောင်း ဝိုင်းမော်ဒေသခံက ဆက်ပြောပါတယ်။

“အခု ဝိုင်းမော် မြို့တွင်းမြို့ပြင်ကလူတွေက နောင်ချိန်းဘက် နေရာရွှေ့တာတွေ အရမ်းများနေပြီ။ ကားတွေ၊ ဆိုင်ကယ်တွေ၊ပစ္စည်းတွေနဲ့ လူတန်းတွေလမ်းမှာ အပြည့်ကိုသွားနေကြပြီ။ လူဦးရေတော့ များတယ်ဗျ။ ကျနော်ထင်တယ် တမြို့လုံးတော့ ထွက်ပြေးလာကြတဲ့ပုံစံ။ ပစ္စည်းတွေ သယ်နေကြတဲ့ဟာ။ မနေ့ ညနေပိုင်းက အများကြီးပဲ။ ပြီးတော့ ဒီမနက်ခင်းလည်း အများကြီး။ ”

အခြားဝိုင်းမော်ဒေသခံတဦးကလည်း ဝိုင်းမော်မြို့အတွင်း လက်နက်ကြီးကျတာတွေ ရှိခဲ့ကြောင်းနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာကို ပို့ဆောင်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ မိုင်းနားမှာတော့ ညက ၂လုံးကျတယ်။ ရှမ်းသင်္ချ ိုင်းမှာ တလုံး၊ နောက် လယ်တောစပ်နားမှာ တလုံး။ လူမရှိတဲ့နေရာတော့ ကျတာပေါ့။ ဘုရားကယ်လို့ ပေါ့။ နောက် ဟိုဘက်မှာတော့ ခတ်ချိုပေါ့။ အဲဒီဘက်မှာတော့ ကျတာလေ။ ကျတော့ တခါတည်း မိသားစုလိုက်ကို ပါသွားရော အဲဒီမှာ ။ ၆ယောက် သေသွားတယ်လို့ ပြောတယ် အဲဒီမှာ။ အဲ ၃- ၄ရက်ရှိပြီ၊ ရမ်းသမ်းပြီးပစ်တော့ မဆိုင်တဲ့ဟာတွေက ထိကုန်တာလေ။ သေကုန်တာလေ။ ကျနော်တို့ သတိနဲ့တော့ နေရတာပေါ့ဆရာရယ်။ ရှောင်တဲ့သူက ရှောင်ပြီလေ။ ကလေးတွေနဲ့ အသက်ကြီးတဲ့ အဖိုးအဖွားတွေကိုတော့ နည်းနည်းလုံခြုံတဲ့နေရာမှာပေါ့။ နောင်ချိန်းတို့ ဘာတို့မှာ ပို့ထားတယ်လေ။ ”

ဝိုင်းမော်နဲ့ အနီးအနားကျေးရွာက ပြည်သူတချို့တွေကတော့ မြစ်ကြီးနားနဲ့ အခြားကျေးရွာတွေဘက်ကို တိမ်းရှောင်တာလည်းရှိကြောင်း ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာမြစ်ကြီးနား - ဗန်းမော်လမ်းက ဝိုင်းမော်နဲ့ ၂မိုင်ကျော်အကွာလောက်မှာရှိတဲ့ ခါးရှီရွာအပြင် ဝိုင်းမော်- ကန်ပိုက်တီးလမ်းက ဝူယန်နဲ့ ဝါးရှောင်ရွာအကြားမှာရောက်ရှိနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီကနေ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁မှာ တိုက်ပွဲဆက်ဖြစ်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီးကို အဓိက အသုံးပြု တိုက်ခိုက်နေကြောင်း ပြောပါတယ်။

“ ဝိုင်းမော်ဘက်က ရွှေညောင်ပင် ပတ်ဝန်းကျင် တိုက်ပွဲတော့ ဆက်ရှိတယ်လို့ပဲ ကြားရတယ်။ အဓိကကတော့ လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပစ်တဲ့ တိုက်ပွဲကတော့ အဓိက ဖြစ်တယ်လို့ ပြောကြတယ်။ စခန်းသိမ်းတဲ့အနေအထားလောက်တော့ မရှိသေးပါဘူး။ ”

ကချင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ တနင်္လာနေ့ နေ့ခင်း ၁နာရီကျော်မှာတော့ မြစ်ကြီးနားမြို့နယ် တာလောကြီးဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာရှိခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေဘက်မှာဖြစ်ကြောင်း တာလောကြီး ဒေသခံတဦးက ပြောပါတယ်။

ဒေသတွင်းသတင်းမီဒီယာတချို့မှာတော့ မြစ်ကြီးနားမြို့နယ် ဖရောကျေးရွာဘက်ကိုလည်း လေကြောင်းပစ်ခတ် တိုက်ခိုက်နေတာ ၂ရက်ရှိပြီဖြစ်ကြောင်း ဖော်ပြပါတယ်။ မေလ ၁၈ရက်နေ့က မြစ်ကြီးနားအခြေစိုက် နမ့်ပေါင်လေတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်ကလည်း ပြန်လှန်ပစ်ခတ်ခဲ့ကြပြီး ပမ္မတီးရပ်ကွက် အတွင်းမှာ လက်နက်ကြီးကျတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG