သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော် စစ်ကောင်စီစခန်း သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ


KIA တပ်ဖွဲ့ဝင်များ
KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ထိန်းချုပ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဝိုင်းမော်၊ မြစ်ကြီးနား မြို့တွေမှာ စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းမော်မြို့နယ်အတွင်းရှိ တပ်စခန်း ၁၀ခုလောက်ကို ဒီလ ၁၈ရက်နေ့က တပြိုင်တည်း စတင်ထိုးစစ်ဆင်ခဲ့ရာမှာ ရွှေညောင်ပင်အခြေစိုက် ခမရ ၃၂၁ စခန်းကို အင်္ဂါနေ့ ည ၈နာရီခွဲလောက်မှ သိမ်းယူခဲ့တာပါ။ ခမရ ၃၂၁ သိမ်းယူလိုက်တာနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြု ပြောဆိုပါတယ်။

“ ဝိုင်းမော်မြို့က အခြေအနေကတော့ မနေ့က ၈နာရီဝန်းကျင်မှာ ရွှေညောင်ပင် ခမရ ၃၂၁ကို အပြီးအစီး ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လို့ ရပါပြီ။ အခုတော့ အဲဒီတကြောလုံးမှာကတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်။တပ်စခန်းကတော့ ဝိုင်းမော်က ၅၈ လောက်ပဲ ကျန်ပါတယ်။ ”

ခမရ ၃၂၁ တပ်စခန်းဟာ မြစ်ကြီးနား -ဗန်းမော်လမ်းပေါ်မှာ တည်ရှိပြီး ဝိုင်းမော်မြို့လုံခြုံရေးအတွက် အဓိက ကျတဲ့ တပ်စခန်းလည်းဖြစ်ပါတယ်။ ဒီစခန်းလက်မလွှတ်ရရေးအတွက် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က လေကြောင်းက တိုက်ခိုက်ခဲ့သလို အတွဲလိုက်ပစ်ဒုံးကျည်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

လောလောဆည်မှာတော့ ဝိုင်းမော်မြို့မှာ ခလရ ၅၈ တပ်စခန်းတခုသာကျန်ရှိနေပြီး ဒီစခန်းကိုတော့ တိုက်ခိုက်တာ မရှိသေးပါဘူး။ KIA နဲ့ ပူးပေါင်းတပ်တွေက ခမရ ၃၂၁ ကို သိမ်းယူပြီးတဲ့နောက်မှာ စစ်ကောင်စီက လိုင်ဇာမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“၁၁နာရီကျော်အချိန်လောက်မှာဖြစ်ပါတယ်။ ဂျက်ဖိုက်တာ လာပြီးမှ ဗုံးကြဲတာဖြစ်ပါတယ်။ ဗုံးကြဲတာကတော့ ၃ခေါက်ဖြစ်ပါတယ်။ သူတို့ လက်နက်ကြီးနဲ့ ပစ်တာကတော့ မရှိဘူး။”

ဒေသတွင်း သတင်းတွေမှာတော့ ရွှေညောင်ပင်စခန်းတိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ရာမှာ ခတ်ချိုရွာအတွင်းကို လက်နက်ကြီးကျည် ကျတာကြောင့် အရပ်သား ၂၀ခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ News of Myanmar တယ်လီဂရမ်ချန်နယ်မှာတော့ တနင်္လာနေ့က KIA နဲ့ PDF တွေက လက်နက်ကြီးနဲ့ပစ်တာကြောင့် ခတ်ချိုရွာမှာ ကလေး ၂ဦးအပါအဝင် ၆ယောက်သေဆုံးပြီး ၁၁ယောက် ဒဏ်ရာရခဲ့ကြောင်း ရေးသားထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နဲ့ ၃မိုင်ခန့် အကွာက ခါးရှီရွာကို တနင်္လာနေ့က သိမ်းယူထားပါတယ်။ ဝိုင်းမော်မြို့နဲ့အနီးအနားကျေးရွာက ပြည်သူတွေဟာ လက်နက်ကြီး ကျတာနဲ့ တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေကြောင့် စစ်ဘေးလွတ်ရာ မြစ်ကြီးနားနဲ့ နောင်ချိန်းရွာဘက်တွေကို တိမ်းရှောင်နေကြ ပါတယ်။ ဒီလိုဝိုင်းမော်မြို့မှာ စစ်ရေးအရ တင်းမာမှုတွေမြင့်တက်လာနေတဲ့အတွက် မြစ်ကြီးနားမြို့မှာလည်း လုံခြုံရေး တင်းကျပ်လာနေကြောင်း မြို့ခံတဦးက ပြောပါတယ်။

“ရှောင်တခင်စစ်ဆေးတာမျိုးကတော့ တောက်လျှောက်ရှိနေတာပေါ့နော်။ ပြီးတော့ ညအချိန်မှာ ၁၀နာရီလောက်မှာ လမ်းပေါ်မှာ ထွက်တယ်ဆိုရင် ပစ်မိန့် ပေးတယ်ဆိုတဲ့ဟာမျိုးတွေလည်း ရှိနေတာပေါ့လေ။ ပြီးတော့ ၉နာရီလောက် ဆို မာရှယ်လောထုတ်ထားတာတော့ မြစ်ကြီးနားအခြေအနေက ရှိနေတာပေါ့လေ။ ဒီမနက်ဆိုရင်လည်းမြို့ထဲ လမ်းထောင့်တွေမှာပေါ့၊ ဥပမာ ဂျပန်တံတားထိပ်ဆိုရင် စစ်ဆေးတာမျိုးတို့ ၊ ဖုန်းစစ်တာမျိုးတို့ ဒါတွေတော့ ရှိပါတယ်ရှင့်။ ”

ဒီကနေ့မှာတော့ မံစီမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။ စခန်းအချို့ သိမ်းယူတယ်ဆိုတဲ့ သတင်းကိုတော့ အတည်မပြုနိုင် သေးကြောင်းလည်း ပြောပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၇ရက်နေ့က စတင်ပြီး မြစ်ကြီးနား - ဗန်းမော်လမ်းတလျောက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ၂လကျော်ကြာ ကာလအတွင်းမှာ ဝိုင်းမော်၊ မိုးမောက် နဲ့ မံစီမြို့က တပ်စခန်းကြီး၊ ငယ်စုစုပေါင်း ၁၀၀ခန့် သိမ်းယူခဲ့ထားပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်တိုက်ပွဲမှာ စစ်စခန်းတွေ လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG