သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပြန်စမယ့်သတင်းကြောင့် စိုးရိမ်မှုတွေထွက်ပေါ်


မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း

ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ သတင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေ ရှုတ်ထွေးပြီး မတည်မငြိမ် ဖြစ်နေချိန် တရုတ်နိုင်ငံ ပူးတွဲတည်ဆောက်တဲ့ စီမံကိန်း ပြန်စဖို့ ပြင်နေတဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

မြန်မာ-တရုတ်အစိုးရ အကြားညှိနှိုင်းဆောင်ရွက်ဖို့ဆိုပြီး ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကိုပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အမိန့်နဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းကြောင်း မေ ၁၇ရက်ပြန်တမ်းမှာထုတ်ပြန်တာပါ။

စစ်ကောင်စီဖွဲ့စည်းတဲ့ ဦးဆောင်အဖွဲ့ကို စစ်ကောင်စီ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကို ဦးဆောင်ပြီး ကချင်ပြည် နယ် သယံဇာတရေးရာဝန် ကြီးဌာနဝန်ကြီးက ဒုတိယခေါင်းဆောင်အနေနဲ့ ပါဝင်ကာ စစ်ကောင်စီ အစိုးရအဖွဲ့ဝင် ၁၀ ဦးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ထည့်သွင်း ဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီဦးဆောင်အဖွဲ့ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနဲ့ စီမံကိန်းတွေ ညှိနှိုင်း ဆောင်ရွက်ရေးမှာ အထောက်အကူပြုနိုင်ရေးဆောင်ရွက်မှာဖြစ် တယ်လို့ဖော်ပြ ထားပါတယ်။ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ် နှံမှုကော်ပိုရေးရှင်း- CPI ကနေ နာမည်ပြောင်းထားတဲ့ SPIC Yunnan International Power Investment Co.Ltd(SPICYN) နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေလုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် SPICYNဦးဆောင်မှုနဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက် သွားမယ်လို့ လည်းဖော်ပြထားပေမယ့် တိတိကျကျဘယ်လောက်ထိလုပ်မလဲဆိုတာကို တော့ ဖော်ပြထားတာမရှိပါဘူး။

သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးကတော့ မြစ်ဆုံကိုပြန်အသက်သွင်းဖို့စစ်ကောင်စီပြင်ဆင်လာမှုတွေကရာသီဥတုအပါအဝင် လူမှုဘဝတွေကိုပါ ထိခိုက်လာနိုင်သလို ပြည်သူရမယ့်အကျိုးအမြတ်ရဖို့မရှိဘူးလို့ သုံးသပ်ပါတယ်။ ဒီစီမံကိန်းတွေပြန်လုပ်တာက စစ်ကောင်စီနဲ့ တရုတ်ဘက်ကသာ အများဆုံးအကျိုးရနိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။

"ရပ်ကွက်ထဲက လူပြိန်းအတွေးတွေးရင်တောင်မှပဲ ကိုယ့်ပိုက်ဆံနဲ့ မုန့်ဝယ်ပြီးတော့ သူကတဝက်စားသွားမယ့်ကိစ္စကြီး တကယ်တမ်းတဝက်တောင်မကပါဘူး၊ တဝက်ကျော်စားသွားမယ့်ကိစ္စကြီးပါ။ ဘယ်လိုမှလည်း ကောင်းတဲ့ အဆင်ပြေတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ လက်ခံချင်စရာလည်းမကောင်းပါဘူး။ အဓိကအကျဆုံးအချက်က ကိုယ့်ဘက်မှာ အကျိုးအမြတ် တော်တော်လေးနည်းပြီးတော့လေ တကယ်ပဲ​ မဝရေစာလေးရပြီးတော့ သူတို့ပဲ စားသွားမယ့်ကိစ္စကို။ သဘာဝပတ်ဝန်းကျင်ကတော့ သိတဲ့အတိုင်းပဲ သူ့ရေ သူ့မြေထဲမှာ မျိုးစုံထိခိုက်မှုတော့ရှိမှာပဲ။ ဒါကတော့ habitat loss (ရှားပါးမျိုးစိတ်ဆိတ်သုဉ်းမှု) လည်းဖြစ်မှာပဲ၊ deforestation (တောပြုံး) လိုကိစ္စမျိုးလည်းဖြစ်မှာပဲ။ ပြီးတော့ ဆည်ကြီးအကြီးကြီး ဆောက်လုပ်လို့ရှိရင် အဲဒီ့အနားမှာ moisture level (ရေငွေ့ပါဝင်မှု) စသည်ပေါ့လေ မိုးရွာသွန်းတဲ့ ပုံစံတွေပြောင်းမှာပဲ။ လေတိုက်တဲ့ပုံစံတွေလည်း ပြောင်းသွားမှာပဲ၊ အချိန်ကာလတခုအတွင်းမှာ အဲဒါတွေကပြောင်းလဲလာမှာပဲလေ။ မကောင်းတာတွေကတော့ အများကြီးပါ။ "

မြစ်ဆုံစီမံကိန်းကစီမံကိန်းတွေကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ၊ လူမှုရေး ဆောင် ရွက်သူတွေက မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ SPICYN ဘက်က ၂၀၀၉ခုနှစ်ဝန်းကျင်မှာ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့တာရှိပါတယ်။

Changjiang Institute of Survey, Planning, Design and Research (CISPDR) က ဦးဆောင်ကာ မြန်မာနိုင်ငံမှ ပညာရှင်အဖွဲ့ဖြစ်သော Biodiversity and Nature Conservation Association (BANCA)က ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာထုတ်ပြန်ခဲ့တာမှာ ဒီ စီမံကိန်းများ လုပ်ဆောင်တွေကြောင့် ဒေသခံအများအပြား ပြောင်းရွှေ့ရတာ၊တရားမ၀င် တောရိုင်းတိရိစ္ဆာန်ရောင်း၀ယ်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေပို ဆိုးရွားလာတာနဲ့ တောရိုင်းတိရိစ္ဆာန်များ ကျက်စားရာနယ်မြေများ ကျဥ်းသွားနိုင်တဲ့သဘာဝပတ်ဝန်းကျင်နဲ့လူ ထိခိုက်မှုတွေရှိနိုင်သလို မြစ်ဆုံလို သဘာ၀အမွေအနှစ်တစ်ခုဖြစ်ရာ ဆည်တည်ဆောက်ပါက ဒီအမွေအနှစ်တွေပျက်သွားနိုင်သလို ရေလေ လမ်းကြောင်းပြောင်းလို့ ရာသီဥတုထိခိုက်နိုင်တာ၊ ဆည်ကြောင့် ရေလွှမ်းမိုးတာတွေဖြစ်လာနိုင်တာတွေရှိတယ်လို့ ဖော်ပြထားဖူးပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ စစ်ကောင်စီရဲ့ မြစ်ဆုံပြန်စတင်မယ့်အခြေအနေနဲ့ပတ်သတ်လို့ အခုလို ဝေဖန်လိုက်ပါတယ်။

"မြစ်ဆုံစီမံကိန်းဆိုရင် စစ်အာဏာသိမ်းတဲ့အချိန်မှာကတည်းက စပြီးတော့ ဒီစီမံကိန်းဟာ ပြန်စတင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက် ကျွန်မတို့ရှိခဲ့တယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ဘာကြောင့်စစ်တပ်နဲ့ဆက်ပြီးတော့ ကင်းကင်းကွာကွာမနေနိုင်တာလဲ၊ မြန်မာပြည်ဒီမိုကရေစီကိုဘာကြောင့် မထောက်ခံ မပံ့ပိုးတာလဲဆိုတဲ့ ပြည်သူတွေရဲ့မေးခွန်းကရိုးရှင်းပါတယ်။ သူတို့ သုံးနေပြီးသား လုပ်ခဲ့ပြီးသား ကျွန်မတို့ပြည်သူတွေရဲ့အသံကြောင့်မို့လို့ပေါ့နော် ရပ်တန့်ခဲ့ရတဲ့စီမံကိန်း အထူးသဖြင့် မြစ်ဆုံစီမံကိန်းအပါအဝင်ပေါ့ ၊ ဒါတွေကို ပြန်ပြီးတော့ စတင်ဖို့အတွက် စစ်အာဏာရှင်ကသာလျှင်ဒီလိုလုပ်ရပ်တွေကို ခွင့်ပြုနိုင်မှာဖြစ်ပါတယ်။ ဒါတွေကြောင့်မို့လို့ပဲ တရုတ်နိုင်ငံအပါအဝင်ပေါ့နော် တချို့သောအာဏာရှင်နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို မထောက်ခံ မပံ့ပိုးတာဖြစ်တယ်လို့ မြင်ရတယ်ပေါ့နော်"

အကျိုးအမြတ်ကိုကြည့်မယ်ဆိုရင်လည်းအရင်တုန်းကချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်စီမံကိန်း စာချုပ်အရ SPICYN က မြန်မာအစိုးရအပါအဝင် မြန်မာနိုင်ငံတွင်း ကုမ္ပဏီတခုဖြစ်တဲ့ အေးရှားဝေါကုမ္ပဏီ နဲ့ပါပူးတွဲလုပ်ဆောင်မယ်လို့ချုပ်ဆိုထားတာပါ။ စာချုပ်အရ SPICYN က ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက ၅ ရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြမှာဖြစ်ပြီး ငွေကြေးစိုက် ထုတ်မှု အားလုံးကို တရုတ်ဘက်မှ စိုက်ထုတ်မှာဖြစ်ပါတယ်။အရင်တုန်းကကော ခုချိန်ထိကော စီမံကိန်းနှင့်ပတ်သက်တဲ့ စာချုပ်ပါအချက် အလက်များကို အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်းမရှိပါဘူး။ လျှပ်စစ်ဓာတ်အား ခွဲဝေမှုမှာ SPICYN က ၉၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၀ ရာခိုင်နှုန်း ရမှာပါ။ အကျိုးအမြတ်ခွဲဝေမှုမှာတော့ SPICYN က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက၂၀ ရာခိုင်နှုန်းနဲ့အေးရှားဝေါကုမ္ပဏီက အကျိူးဆောင်ခ ၁၀ ရာခိုင်နှုန်း ရရှိမယ်လို့ နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့ ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။ ခုလက်ရှိပြန်လည် အသက်သွင်းချိန်မှာတော့ အရင်စာချုပ်အတိုင်းဘဲလား ပြင်ဆင်ချုပ်ထားလားဆိုတာမသိရသေးပါဘူး။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မိုင် ၂၀ကျော်အကွာမှာရှိတဲ့ ဒီစီမံကိန်းကို ၂၀၀၉ခုနှစ် စစ်အစိုးရလက်ထက်မှာ စတင်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့်ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ NLDလက်ထက်မှာ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ ကြိုးပမ်းတာတွေရှိခဲ့ပေမယ့် ပြန်လည်စတင်နိုင်တာမရှိခဲ့ပါဘူး။ ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခနဲ့ မလိခတို့ဆုံတဲ့ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ၇ ခုနဲ့ မေခမြစ်အရှေ့ ဘက်နားမှာလည်း ၉၉ မဂ္ဂ၀ပ်ထွက်မယ့် ချီဖွေငယ်ဆည်တို့ကို တည်ဆောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့က ဒီစီမံကိန်း အကုန်ကို လုပ်ဆောင်မှာလားဆိုတာကိုလည်း တိတိကျကျဖော်ပြထားတာတော့မရှိသလို ဒါနဲ့ပတ်သတ်လို့ စစ်ကောင်စီ ကိုဗွီအိုအေက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းတိုင်းရင်းသားအဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ စစ်ရေးအရ ရှုံးနိမ့်ချိန် နိုင်ငံရေးအရ အားသာအောင် တရုတ်အလိုကျ လုပ်ဆောင် တာဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကထောက်ပြမှုတွေရှိပါတယ်။ တရုတ်မြန်မာအရေးလေ့လာသူဒေါက်တာလှကျော်ဇောကတော့ ဒီလုပ်ဆောင်ချက်နဲ့ပတ်သတ်လို့သူ့အမြင်ကို အခုလိုပြောပြပါတယ်။

"ကျွန်မကြားတာ ပြန်စနေတာ တောက်လျှောက်တခါမှ မရပ်ပါဘူး။ သူက အကြီးစားကြီးတွေဖြစ်တဲ့ အောက်ဆုံးကမြစ်ဆုံနေရာကို ရပ်လိုက်တာ ကျန်တဲ့အထက်ပိုင်းကဟာတွေက လုပ်ပြီးနေတာ ကြာပြီထင်တယ်။ အဲဒီဒေသကိုတောင်မှ မီးတွေဘာတွေတောင် ပေးနေပြီလို့တောင် ကြားနေတာပဲ အခုမှထွက်လာတာ ကျွန်မကြည့်တာတော့ မြစ်ကြီးနားတို့ ဝိုင်းမော်တို့မှာဖြစ်နေတဲ့ KIA နဲ့ဖြစ်တဲ့တိုက်ပွဲသတင်းကို နည်းနည်းအာရုံလွှဲချင်လို့ လုပ်တာနဲ့တူပါတယ်။ သူတို့နိုင်ငံကြီးတွေကတော့ သူတို့နိုင်ငံအကျိုးစီးပွားအပေါ်ကနေပြီးတော့ ဝင်ပြီးတော့ လုပ်နိုင်တာတွေလုပ်ပေးမယ် ထင်ပါတယ်ကြည့်ရတာ၊ လောလောဆယ်ကတော့ ဘာမှတကယ်စနိုင်မှာမဟုတ်ဘူးဗျ အဲ့ပတ်ပတ်လည်က တိုက်ပွဲတွေကရပ်သေးတာမှမဟုတ်ပဲ ဆက်ဖြစ်နေတာ။ သတင်းအဖြစ်နဲ့ပဲပါတာပဲဖြစ်မယ်ထင်တယ်။ တကယ့်အခိုင်အမာမြေပေါ်မှာတော့ လုပ်နေနိုင်ဦးမယ်တော့မထင်ဘူး"

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း- CPI ကနေ နာမည်ပြောင်းထားတဲ့ SPIC Yunnan International Power Investment Co.Ltd(SPICYN) ထုတ်ပြန်ခဲ့ဖူးတဲ့ ထုတ်ပြန်ချက်အရ မြစ်ဆုံအနီး လုပ်မယ့် ၇ခုလုပ်တာမှာ မြစ်ဆုံစီမံကိန်းမှ ၆၀၀၀ မဂ္ဂါ၀ပ်၊ လိုင်ဇာ(မလိယန်)စီမံကိန်းမှ ၂၈၀၀ မဂ္ဂါဝပ်၊ ချီဖွေစီမံကိန်းမှ ၃၄၀၀ မဂ္ဂါဝပ်၊ အူဆောက်စီမံကိန်းမှ ၂၅၀၀ မဂ္ဂါဝပ်၊ ဖီဆော်စီမံကိန်းမှ ၂၄၀၀ မဂ္ဂါဝပ်၊ ခေါင်လန်ဖူးစီမံကိန်းမှ ၃၀၀၀ မဂ္ဂါဝပ်၊ ရီနန်စီမံကိန်းမှ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မေခမြစ်အရှေ့ ဘက်နားမှာ လုပ်မယ့် ချီဖွေဆည်ကနေလည်း ၉၉မဂ္ဂဝါပ် ထွက်မယ်လို့ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG