သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာ ဓါတ္အားလိုင္းစီမံကိန္း ျမစ္ဆံုအေရးလႈပ္ရွားသူမ်ား စိုးရိမ္


(Zawgyi / Unicode)

တရုတ္သမၼတရဲ႕ ျမန္မာျပည္ ၂ ရက္တာ ခရီးစဥ္အတြင္းမွာ ခ်ဳပ္ဆုိခဲ့တဲ့ ႏွစ္ႏုိင္ငံၾကား သေဘာတူညီမႈ ၃၃ခု ထဲက တရုတ္-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္းစီမံကိန္း ျဖစ္ႏုိင္ေျခ ေလ့လာမႈဆိုင္ရာ နားလည္မႈစာခၽြန္လႊာနဲ႔ ပတ္သက္ၿပီး ျမစ္ဆံုစီမံကိန္း ေစာင့္ၾကည့္ေလ့လာသူေတြက စိုးရိမ္ေနၾကပါတယ္။ ဒါဟာ ဧရာဝတီ ျမစ္ေၾကာင္း နဲ႔ သံလြင္ ျမစ္ေၾကာင္း မွာ ေရအား လွ်ပ္စစ္ ထုတ္လုပ္မႈေတြ အတြက္ အႀကိဳ လမ္းေၾကာင္း ျဖစ္ ႏိုင္တယ္လုိ႔ တြက္ဆ ေနၾကတာပါ။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္ရဲ႕ဖိတ္ၾကားခ်က္နဲ႔ လာေရာက္တဲ့ တရုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ျမန္မာျပည္ခရီးစဥ္မတိုင္မီ ကတည္းက ျပည္တြင္းမွာရွိတဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ တိုင္းရင္းသားလူမ်ိဳးစုေတြက တရုတ္ႏုိင္ငံက ရင္းႏွီးျမွဳပ္ႏွံထားတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္အစုိးရက ပြင့္လင္းျမင္သာမႈရွိရွိ ျပည္သူေတြကို ခ်ျပေပးဖုိ႔ ေတာင္းဆုိထားၾကတာပါ။

တရုတ္ သမၼတရဲ႕ခရီးစဥ္ ဒုတိယေျမာက္ေန႔မွာ ႏွစ္ႏုိင္ငံၾကား စီးပြားေရးသေဘာတူညီမႈ စာခ်ဳပ္ေတြ၊ နားလည္မႈစာခၽြန္လႊာေတြ ၃၃ ခုကုိ လက္မွတ္ေရးထုိးခဲ့ၾက ေပမယ့္ အဲဒီထဲမွာ ျပည္သူလူထု စိုးရိမ္ေနၾကတဲ့ ျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္လုိ႔ေတာ့ မပါခဲ့ပါဘူး။

ဒါေပမယ့္ ၂၄ ခုေျမာက္ အျဖစ္ ေဖာ္ျပထားတဲ့ MoU နားလည္မႈ စာခၽြန္လႊာက တရုတ္-ျမန္မာ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလုိင္းစီမံကိန္း ျဖစ္ႏို္င္ေျခေလ့လာမႈဆိုင္ရာ နားလည္မႈစာခၽြန္လႊာ ျဖစ္ၿပီး ဒါဟာ ျမစ္ဆံုနဲ႔ဆက္စပ္ေနမယ္လို႔ ေစာင့္ၾကည့္သူေတြက သံသယ ျဖစ္ေနၾကတာပါ။

အဲဒီစာခၽြန္လႊာဟာ ျမန္မာျပည္သူေတြ စုိးရိမ္ေနတဲ့ ျမစ္ဆံု အပါအဝင္ ဧရာဝတီ ျမစ္ေၾကာင္းနဲ႔ သံလြင္ ျမစ္ေၾကာင္း ေပၚက ေရအားလွ်ပ္စစ္ ထုတ္လုပ္မႈေတြ အတြက္ အႀကိဳလမ္းေၾကာင္းျဖစ္ ေနတယ္လုိ႔ ကခ်င္အမ်ိဳးသားကြန္ကရက္ ဥကၠ႒ ေဒါက္တာအမ္ေကာန္လ ကေျပာပါတယ္။

“ျမစ္ဆံုက ၆၀၀၀ မဂၢါဝပ္ပဲရွိတယ္။ က်န္တာက ၁၅၅၀၀ မဂၢါဝပ္က အဲဒီ ၆ခု (လာဆာ၊ ေခါင္လန္ဖူး၊ ဖီေဇာ၊ လာကင္၊ ပါရြဲ၊ ခ်ီေဖြ) က ထုတ္တာ။ ေငၚခ်မ္းခ ကလည္း ထည့္ေပါင္း လိုက္ရင္ ႏွစ္ေသာင္းနီးနီးျပန္ေရာက္သြားမယ္ ဘာမွမထူးဘူး။ အဲဒီဟာေတြ အတြက္ကို က်ေနာ္တို႔က Dam Site ေတြ သူ႔ရဲ႕ Technical Change ေတြ ေနာက္တခုက စာခ်ဳပ္ေတြ မျပဳျပင္မေျပာင္းလဲခင္မွာ အႏၱရာယ္ေတာ့ ေတာ္ေတာ္မ်ားတယ္။ အဲဒါကို လူေတြကေမ့ေနတာ။ တန္ဖဲပဲ အာရံုစုိက္ေနတာ။ အဲဒါေၾကာင့္ ျမစ္ဆံုလို႔ေျပာလိုက္တာနဲ႔ တန္ဖဲ-ျမစ္ဆံုေဒသ လုပ္မွာမလားဆုိၿပီးေတာ့ က်ေနာ္တို႔က မီးရိႈ႕တာမဟုတ္ဘူး။ က်ေနာ္တို႔က ေနာက္ထပ္ ၇ ခုကုိ သတိေပး ေနတာ။”

ျမစ္ဆံုနဲ႔ပတ္သက္ရင္ တန္ဖဲရြာမွာ တရုတ္စြမ္းအင္ကုမၸဏီ CPI ကလုပ္ေနတဲ့ ျမစ္ဆံုေရကာတာ တည္ေဆာက္မွာကိုသာ လူအမ်ားက သတိထားမိၾကေပမယ့္ ျမစ္ဆံုနဲ႔ဆက္စပ္ေနတဲ့ လာဆာ၊ ေခါင္လန္ဖူး၊ ဖီေဇာ၊ လာကင္၊ ပါရြဲနဲ႔ ခ်ီေဖြ စတဲ့ ဆည္၆ခုမွာ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မယ့္အေရးကို ျပည္သူေတြအေနနဲ႔ အခုခ်ိန္မွာ သတိျပဳဖို႔ လုိတယ္လုိ႔ ေဒါက္တာအမ္ေကာန္လက ေျပာတာပါ။

၂၀၀၆ခုႏွစ္ ဒီဇင္ဘာ ၂၈ရက္ေန႔တုန္းက ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးအဖြဲ႕အစုိးရရဲ႕ အမွတ္ ၁ လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဌာနနဲ႔ တရုတ္စြမ္းအင္ကုမၸဏီ CPI ၾကားမွာ ျမစ္ဆံုအပါအဝင္ စုစုေပါင္း ဆည္၇ခုမွာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ဖို႔ကို စာခ်ဳပ္ခ်ဳပ္ဆုိထားခဲ့ၾကတာ ျဖစ္ပါတယ္။

သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးဆံုးရံႈးမႈမ်ားမယ့္ ဒီျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္ၿပီး ေခတ္အဆက္ဆက္ အစုိးရေတြ ရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ျပည္သူေတြကို ခ်ျပခဲ့ျခင္းမရွိဘဲ ပြင့္လင္းျမင္သာမႈလည္း မရွိခဲ့ဘူးလုိ႔ ျပည္သူအမ်ားစုက ယံုၾကည္ထားၾကတာပါ။

အခု ျမစ္ဆံုနဲ႔ပတ္သက္တယ္လုိ႔ ယူဆလုိ႔ရတဲ့ ၂၄ ခ်က္ေျမာက္ MoU နားလည္မႈ စာခၽြန္လႊာနဲ႔ ပတ္သက္ၿပီး အစုိးရတာဝန္ရွိသူေတြအေနနဲ႔ ျပည္သူ ေတြ သိေအာင္ တိတိက်က် ထုတ္ျပန္ေပးဖို႔ လိုအပ္တယ္လို႔ တရုတ္-ျမန္မာ ဆက္ဆံေရး ေစာင့္ၾကည့္ေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းက အခုလိုေျပာပါတယ္။

“ဒီနယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားလိုင္းနဲ႔ ပတ္သက္တဲ့ ဥစၥာကက်ေတာ့ တကယ္တမ္း ေျပာရမယ္ဆိုရင္ သူက ျဖစ္ႏုိင္ေခ်ေလ့လာတဲ့ MoU အဆင့္ပဲျဖစ္တာကို ေတြ႕ရတယ္။ သုိ႔ေသာ္လည္းပဲ တဘက္က နယ္စပ္ျဖတ္ေက်ာ္ဓာတ္အားလုိင္းနဲ႔ က်ေနာ္တုိ႔ ျမစ္ဆံုေရကာတာ စီမံကိန္းနဲ႔ကို ဆက္စပ္ၿပီးေတြးမယ္ဆုိရင္လည္း ေတြးလို႔ရတဲ့ အေနအထား မ်ိဳးေတြ ရွိေနတဲ့အခါက်ေတာ့ အစုိးရဘက္က ဒီ MoU နဲ႔ ပတ္သက္ ၿပီးေတာ့ အေသးစိတ္ တိတိက်က် ထုတ္ျပန္ႏိုိင္ဖုိ႔ လိုအပ္တယ္လို႔ျမင္ပါတယ္။”

တရုတ္သမၼတရဲ႕ ပထမဆံုး ျမန္မာျပည္ခရီးစဥ္အတြင္းမွာ သေဘာတူစာခ်ဳပ္ ၆ခု၊ နားလည္မႈ စာခၽြန္လႊာ ၁၄ခု၊ ျဖစ္ႏိုင္ေျခနားလည္မႈ စာခၽြန္လႊာ ၁၀ခု၊ သေဘာတူညီခ်က္ ၃ခုနဲ႔ စုစုေပါင္း ၃၃ ခု ခ်ဳပ္ဆုိခဲ့တာပါ။

တရုတ္သမၼတေရာက္မလာခင္က တရုတ္ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔ ပတ္သက္ရင္ အစိုးရ အေနနဲ႔ ပြင့္လင္းျမင္သာမႈရွိရွိ ခ်ျပေပးဖုိ႔ ျပည္သူလူထုက ေတာင္းဆုိခဲ့တာ ျဖစ္ၿပီး အခု တရုတ္သမၼတရဲ႕ အျပန္ခရီးစဥ္မွာေတာ့ ခ်ဳပ္ဆုိသြားတဲ့ အခ်က္ ၃၃ ခ်က္အေပၚမွာ ပြင့္လင္းျမင္သာမႈ ရွိဖုိ႔ကို ေမွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

တရုတ်မြန်မာ ဓါတ်အားလိုင်းစီမံကိန်း မြစ်ဆုံအရေးလှုပ်ရှားသူများစိုးရိမ်

(Unicode)

တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်အတွင်းမှာ ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြား သဘောတူညီမှု ၃၃ခု ထဲက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ ပတ်သက်ပြီး မြစ်ဆုံစီမံကိန်း စောင့်ကြည့်လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။ ဒါဟာ ဧရာဝတီ မြစ်ကြောင်း နဲ့ သံလွင် မြစ်ကြောင်း မှာ ရေအား လျှပ်စစ် ထုတ်လုပ်မှုတွေ အတွက် အကြို လမ်းကြောင်း ဖြစ် နိုင်တယ်လို့ တွက်ဆ နေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဖိတ်ကြားချက်နဲ့ လာရောက်တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်မီ ကတည်းက ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေက တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေကို ချပြပေးဖို့ တောင်းဆိုထားကြတာပါ။

တရုတ် သမ္မတရဲ့ခရီးစဉ် ဒုတိယမြောက်နေ့မှာ နှစ်နိုင်ငံကြား စီးပွားရေးသဘောတူညီမှု စာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြ ပေမယ့် အဲဒီထဲမှာ ပြည်သူလူထု စိုးရိမ်နေကြတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ မပါခဲ့ပါဘူး။

ဒါပေမယ့် ၂၄ ခုမြောက် အဖြစ် ဖော်ပြထားတဲ့ MoU နားလည်မှု စာချွန်လွှာက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖြစ်ပြီး ဒါဟာ မြစ်ဆုံနဲ့ဆက်စပ်နေမယ်လို့ စောင့်ကြည့်သူတွေက သံသယ ဖြစ်နေကြတာပါ။

အဲဒီစာချွန်လွှာဟာ မြန်မာပြည်သူတွေ စိုးရိမ်နေတဲ့ မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ကြောင်းနဲ့ သံလွင် မြစ်ကြောင်း ပေါ်က ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ အတွက် အကြိုလမ်းကြောင်းဖြစ် နေတယ်လို့ ကချင်အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ကပြောပါတယ်။

“မြစ်ဆုံက ၆၀၀၀ မဂ္ဂါဝပ်ပဲရှိတယ်။ ကျန်တာက ၁၅၅၀၀ မဂ္ဂါဝပ်က အဲဒီ ၆ခု (လာဆာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရွဲ၊ ချီဖွေ) က ထုတ်တာ။ ငေါ်ချမ်းခ ကလည်း ထည့်ပေါင်း လိုက်ရင် နှစ်သောင်းနီးနီးပြန်ရောက်သွားမယ် ဘာမှမထူးဘူး။ အဲဒီဟာတွေ အတွက်ကို ကျနော်တို့က Dam Site တွေ သူ့ရဲ့ Technical Change တွေ နောက်တခုက စာချုပ်တွေ မပြုပြင်မပြောင်းလဲခင်မှာ အန္တရာယ်တော့ တော်တော်များတယ်။ အဲဒါကို လူတွေကမေ့နေတာ။ တန်ဖဲပဲ အာရုံစိုက်နေတာ။ အဲဒါကြောင့် မြစ်ဆုံလို့ပြောလိုက်တာနဲ့ တန်ဖဲ-မြစ်ဆုံဒေသ လုပ်မှာမလားဆိုပြီးတော့ ကျနော်တို့က မီးရှို့တာမဟုတ်ဘူး။ ကျနော်တို့က နောက်ထပ် ၇ ခုကို သတိပေး နေတာ။”

မြစ်ဆုံနဲ့ပတ်သက်ရင် တန်ဖဲရွာမှာ တရုတ်စွမ်းအင်ကုမ္ပဏီ CPI ကလုပ်နေတဲ့ မြစ်ဆုံရေကာတာ တည်ဆောက်မှာကိုသာ လူအများက သတိထားမိကြပေမယ့် မြစ်ဆုံနဲ့ဆက်စပ်နေတဲ့ လာဆာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရွဲနဲ့ ချီဖွေ စတဲ့ ဆည်၆ခုမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့်အရေးကို ပြည်သူတွေအနေနဲ့ အခုချိန်မှာ သတိပြုဖို့ လိုတယ်လို့ ဒေါက်တာအမ်ကောန်လက ပြောတာပါ။

၂၀၀၆ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တုန်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစိုးရရဲ့ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ CPI ကြားမှာ မြစ်ဆုံအပါအဝင် စုစုပေါင်း ဆည်၇ခုမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ကို စာချုပ်ချုပ်ဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမယ့် ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက် အစိုးရတွေ ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေကို ချပြခဲ့ခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှုလည်း မရှိခဲ့ဘူးလို့ ပြည်သူအများစုက ယုံကြည်ထားကြတာပါ။

အခု မြစ်ဆုံနဲ့ပတ်သက်တယ်လို့ ယူဆလို့ရတဲ့ ၂၄ ချက်မြောက် MoU နားလည်မှု စာချွန်လွှာနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ တွေ သိအောင် တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။

“ဒီနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနဲ့ ပတ်သက်တဲ့ ဥစ္စာကကျတော့ တကယ်တမ်း ပြောရမယ်ဆိုရင် သူက ဖြစ်နိုင်ချေလေ့လာတဲ့ MoU အဆင့်ပဲဖြစ်တာကို တွေ့ရတယ်။ သို့သော်လည်းပဲ တဘက်က နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းနဲ့ ကျနော်တို့ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ကို ဆက်စပ်ပြီးတွေးမယ်ဆိုရင်လည်း တွေးလို့ရတဲ့ အနေအထား မျိုးတွေ ရှိနေတဲ့အခါကျတော့ အစိုးရဘက်က ဒီ MoU နဲ့ ပတ်သက် ပြီးတော့ အသေးစိတ် တိတိကျကျ ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။”

တရုတ်သမ္မတရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ်အတွင်းမှာ သဘောတူစာချုပ် ၆ခု၊ နားလည်မှု စာချွန်လွှာ ၁၄ခု၊ ဖြစ်နိုင်ခြေနားလည်မှု စာချွန်လွှာ ၁၀ခု၊ သဘောတူညီချက် ၃ခုနဲ့ စုစုပေါင်း ၃၃ ခု ချုပ်ဆိုခဲ့တာပါ။

တရုတ်သမ္မတရောက်မလာခင်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင် အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ချပြပေးဖို့ ပြည်သူလူထုက တောင်းဆိုခဲ့တာ ဖြစ်ပြီး အခု တရုတ်သမ္မတရဲ့ အပြန်ခရီးစဉ်မှာတော့ ချုပ်ဆိုသွားတဲ့ အချက် ၃၃ ချက်အပေါ်မှာ ပွင့်လင်းမြင်သာမှု ရှိဖို့ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG