သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားတချို့ ဖမ်းဆီးအသတ်ဖြတ်ခံရ (ဒေသခံများ)


စစ်တွေမြို့အဝင် (ဓါတ်ပုံ − C J)
စစ်တွေမြို့အဝင် (ဓါတ်ပုံ − C J)

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကဒါဇင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်ကောင် စီက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ အာရက္ခတပ်တော် AA ကပြောပါ တယ်။ လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွတ် ပေး လိုက်ပြီး အမျိုးသားတွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတဦး ကပြောပါ တယ်။ ဒါ့အပြင် စနေနေ့ နေ့လည်ပိုင်းကလည်း ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။


ရခိုင့်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီပိတ်ဆို့ထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ရွာသူ ရွာသားအားလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၂၉ရက်နေ့ကနေစတင် ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဲဒီထဲက ဒေသခံ ၄ဝကျော်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ အာရက္ခ တပ်တော် ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ လွန်ခဲ့တဲ့ မေလ ၂၉ရက်နေ့ကနေ ၃၁ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို မြန်မာစစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီးတော့မှ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီးတော့ မတရားအနိုင်ကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ သတ်ဖြတ်ခံရတဲ့ ရွာသားအားလုံးကတော့ ၄ဝကျော်ရှိတယ်။ ဒီထဲက ၃၃ယောက်ရဲ့ နာမည်စာရင်းကိုတော့ ကျနော်တို့ ရထားပြီးဖြစ်ပါတယ်။”

သတ်ဖြတ်ခံရသူ အများစုဟာ အမျိုးသားတွေဖြစ်ပြီး အဲဒီထဲက အမျိုးသမီးနှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။

“ နောက်ပြီးတော့ အမျိုးသမီးငယ် ၃ယောက်လည်းပဲ မဒိန်းကျင့်ခံရပြီးတော့ နှစ်ယောက် ကတော့ သတ်ဖြတ်ခံရတယ်လို့သိရတယ်၊ ကျန်တဲ့ တယောက်ကတော့ အခုအချိန်ထိ ပျောက်နေတာပေါ့ အဲတယောက်ရဲ့ ကကြမ္မာကိုတော့ အခုထိမသိရသေးပါဘူး။ အပြစ်မဲ့ပြည် သူတွေကို အခုလို မတရားဖမ်းဆီးသတ်ဖြတ်တာဟာ အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန် တာလည်းဖြစ်ပါတယ်။”

ဗျိုင်းဖြူဒေသခံ အမျိုးသမီးတဦးကတော့ သတ်ဖြတ်ခံလိုက်ရတဲ့ထဲမှာ မိသားစု တော်တော် များများပါသွားခဲ့လို ဖမ်းဆီးခံထားရသူတွေလည်းရှိနေသေးတယ်လို့ ပြောပါတယ်။

“ ဖမ်းထားတဲ့ထဲမှာလည်း ကျန်နေသေးသလို အသတ်ခံရတဲ့ ထဲမှာလည်း တော်တော်များ များပါသွားပါတယ်၊ ပြောရမယ်ဆိုရင် အဘွားဘက်ကဆိုရင်တောင် မိသားစုနှစ်ယောက် သုံးယောက်လောက် အသတ်ခံရတယ်လို့ကြားရတယ်၊ ပြီးတော့ ဦးလေးတို့ တမိသားစုလုံး မိန်းမရောအသတ်ခံရတယ်လို့ အဲလိုမျိုးပြောသံကြားတယ်၊ တိတိကျကျကတော့ သားဖနှစ်ယောက်လုံးအသတ်ခံရတာလုံးဝသေချာတယ်၊ မိန်းမတွေလည်း အသတ်ခံရ တယ်လို့ သတင်းထွက်တယ်၊ သတ်လားမသတ်ဘူးလား ဆိုတာတော့ သေသေချာချာ မသိရသေးဘူး။ဒါပေမယ့် ပြန်လွတ်လာတဲ့ မိန်းမတွေထဲမှာ အဲဒီမိသားစုက မိန်းမတွေကို ဘယ်သူမှမတွေ့ရပါဘူး။”

မိသားစုဝင်အများကြီးတပြိုင်နက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ရူးမတတ်ခံစား ရတယ်လို့လည်း ဗျိုင်းဖြူရွာ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ မိသားစုဝင်တွေ အများကြီးဆုံးရှုံးလိုက်ရတယ် ဒီကိစ္စမှာပြောရမယ်ဆိုရင် ရင်ထဲကို မချိမဆန့် ခံစားရပါတယ်။ ကိုယ်ခံစားရတာကို ပြောပြဖို့ ဖော်ပြဖို့ စကားလုံးတောင်မရှိသလို အဲဒီ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်အတွက် ဖော်ပြစရာ စကားတောင်မရှိပါဘူးရှင့် ညီမဆိုရင် ဒီသတင်းကို စပြီးကြားကတည်းက အိမ်က ကလေးတွေအတွက် ပူရ အမေ့အတွက်ပူရ တကယ်ကို ရူးမတက်ခံစားရပါတယ်”

လက်ရှိမှာတော့ စစ်ကောင်စီက ဗျိုင်းဖြူရွာက ဒေသခံအမျိုးသားတွေကို ဆက်လက် ဖမ်းဆီး ထားပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ စစ်တွေမြို့လယ်က ဘုရားကြီးကွင်းမှာ ပြန်လွတ်ပေးလိုက်တယ်လို့ ပြန်လွတ်လာသူတချို့က ပြောဆိုကြပါတယ်။ အမျိုးသမီးတွေကို စစ်ကောင်စီက ကားနဲ့ တင်ဆောင်လာတဲ့ အချိန် ရွာအထွက်နားမှာသတ်ဖြတ်ခံထားရတဲ့ ဒေသခံအမျိုးသားတွေရဲ့ အလောင်းတွေကို တွေ့မြင်ခဲ့ရကြောင်းလည်း ပြန်လွတ်လူ သူတချို့ ကပြောဆိုကြပါတယ်။

မိသားစုဝင်တွေ အသတ်ခံလိုက်ရတဲ့ ဗျိုင်းဖြူရွာ ဒေသခံအမျိုးသမီးကတော့ သေဆုံးသွားတဲ့ သူ့မိသားစုဝင်တွေအတွက် တရားမျှတမှုတခုလိုချင်တယ်လို့ ပြောပါတယ်။

“ အဲတာကြောင့် ပြောမယ်ဆိုရင် ဒီလိုရက်စက်ယုတ်မာတဲ့ စစ်ကောင်စီရဲ့ ခေါင်းဆောင် တွေရော အပေါင်းအပါတွေအကုန်လုံးကို သူတို့နဲ့ ထိုက်တန်တဲ့ တရားဥပဒေ ပြစ်ဒဏ်ကျ စေချင်ပါတယ်။ ပြောရမယ်ဆိုရင် ပြည်တွင်းအဖွဲ့တွေက ပြစ်ဒဏ်ပေးတာမျိုးမဟုတ်ပဲနဲ့ နိုင်ငံတကာက ပေးတဲ့ ပြစ်ဒဏ်မျိုးကို ခံစေချင်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေနဲ့ အာရက္ခတပ်တော် ရဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ပြန်ထားတာမတွေ့ ရသေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စနေနေ့ (ဇွန်လ၁ရက်) နေ့လည်ပိုင်းကလည်း AAထိန်းချုပ်ထားတဲ့ ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ဦးသေဆုံးပြီးတော့ ၁ဝဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ် တော်AA ကထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ရက်နေ့ကနေ ၂၀၂၄ခုနှစ် မေလ ၁၂ရက်နေ့ ၆လတာကာလအတွင်း အရပ်သား ၁၈၇ ဦးသေဆုံးခဲ့ရသလို အရပ်သား ၃၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်AAရဲ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူ ၁၄၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG