သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ နိုင်ငံတကာထောက်ပံ့ရေး ဝန်ထမ်းတချို့ကို ယီမင် ဟူသီသူပုန်တွေဖမ်းဆီး

ယီမင်နိုင်ငံက ဟူသီ သူပုန်တွေ။
ယီမင်နိုင်ငံက ဟူသီ သူပုန်တွေ။

ယီမင်မှာ ဟူသီသူပုန်တွေက ကုလသမဂ္ဂဝန်ထမ်း ၉ ဦးအပါအဝင် နိုင်ငံတကာ အကူအညီပေးရေးလုပ်သား ၁၈ ဦး လောက်ကို ဖမ်းဆီးထားတယ်လို့ ယီမင်အစိုးရ အရာရှိတွေကရော၊ ယီမင်က Mayyun လူ့အခွင့်ရေးအဖွဲ့ MOHR ကပါ ပြောပါတယ်။

ဟူသီသူပုန်တွေနဲ့ ထောက်လှမ်းရေးအရာရှိတွေဟာ ကြာသပတေးနေ့ညနေက မြို့တော် Sanaa အပြင် ဟိုဒဲဒ၊ ဆာဒါ နဲ့ အမ်ရမ် မြို့တွေမှာ ကုလသမဂ္ဂနဲ့ အကူညီပေးရေးအဖွဲ့အစည်းတွေရှိရာ နေရာတွေကို လက်နက်တွေနဲ့ တပြိုင်နက်ထဲ ဝင်ရောက်စီးနင်း ခဲ့ကြတယ်လို့ MOHR အဖွဲ့က ပြောပါတယ်။

သူတို့ဟာ ကုလသမဂ္ဂနဲ့ တခြား အကူအညီပေးရေးအဖွဲ့တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ယီမင်ဝန်ထမ်းတွေကို ပစ်မှတ်ထားပြီး သူတို့နေအိမ်တွေကို ဝင်ရောက် စီးနင်းခဲ့တဲ့အပြင် စစ်ဆေးမေးမြန်းပြီး သူတို့ကို စစ်ကားတွေနဲ့ ဖမ်းမသွားခင်မှာ သူတို့ရဲ့ လက်ကိုင်ဖုံးတွေ၊ ကွန်ပြူတာတွေကိုပါ သိမ်းသွားတယ်လို့လည်း ပြောပါတယ်။


အခု အဖမ်းခံရသူတွေထဲမှာ လူသားစာနာမှုဆိုင်ရာ ကုလမဟာမင်းကြီးရုံး၊ UNDP ၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ယီမင်ဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယီမင်ဝန်ထမ်းတွေ ပါတယ်လို့လည်း MOHR က ပြောပါတယ်။

ဒါ့အပြင် Save the Children ၊ ယီမင် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့၊ ယီမင်အစိုးရ လူမှုဖွံ့ဖြိုးရေး ရံပုံငွေအဖွဲ့ ၊ Oxfam နဲ့ CARE America အကူညီပေးရေးအဖွဲ့တွေက ဝန်ထမ်းတွေလည်း အဖမ်းခံရတာ ဖြစ်ပါတယ်။ MOHR အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မှန်ကန်ကြောင်း အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတွေက အတည်ပြုပါတယ်။

ဒီဖြစ်ရပ်အတွက် Save the Children အဖွဲ့ တခုကပဲ အဖမ်းခံနေရတဲ့ သူ့ဝန်ထမ်းတွေ လုံခြုံရေးနဲ့ ကျန်းမာရေး အတွက် စိတ်ပူကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဟူသီသူပုန်တွေနဲ့ သူတို့နဲ့ဆက်နွယ်နေတဲ့ သတင်းမီဒီယာတွေကတော့ အခုလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖေါ်ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG