သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ကလာတဲ့ စိတ်ကြွဆေး ၈ သန်း နကွန်စဝမ်မှာ ဖမ်းမိ


ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့။ (Photo: Thai Police)
ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့။ (Photo: Thai Police)

ထိုင်းမြန်မာနယ်စပ် မဲဆောက်ကနေ မောင်းလာတဲ့ ကုန်ကားတစီးပေါ်မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ဘတ်ငွေ သန်း ၃၀၀ ကျော် တန်ဖိုးရှိ၊ စိတ်ကြွဆေး ၈ သန်းကို မဲဆောက်-ဘန်ကောက် အ‌ဝေးပြေးလမ်းမပေါ်က နကွန်စဝမ်မြို့နယ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။


ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်က မူးယစ်ကုန်သည်တွေ ပို့ဆောင်လာတဲ့ စိတ်ကြွဆေးတွေကို နကွန်စဝမ်မြို့မှာ ဖမ်းမိခဲ့တာပါ။ ထိုင်းနယ်စပ် ချင်းရိုင်ကနေ အဆင့်အဆင့် မဲဆောက်ကို သယ်ဆောင်လာပြီး ထိုင်းအတွင်းကို ပို့ဆောင်ဖို့ လုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ နကွန်စဝမ်မြို့ဘက်မှာ ဖမ်းမိတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ဆာလာအိပ် ၃၂ အိပ်နဲ့ သယ်ဆောင်လာတဲ့ ကုန်ကားတစီးကို နကွန်စဝမ် အဝေးပြေးလမ်းမပေါ်က စစ်ဆေးရေးဂိတ် X ray စက်နဲ့ စစ်ဆေးလိုက်ချိန်မှာ တွေရှိခဲ့တာဖြစ်ပါတယ်။

တနေ့တည်းမှာပဲ ပထုန်ဌာနီ ခရိုင်ထဲမှာ စိတ်ကြွဆေး ၄ သန်း ၈ သိန်း ဖမ်းမိခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့။ (Photo: Thai Police)
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့။ (Photo: Thai Police)

ထိုင်းတရားရေး ဒု၀န်ကြီး Anutin Charnvirakul နိုင်အနုတင်ချာဗီရကူက မူးယစ်ဆေးဝါးတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

" အခုလို ဖမ်းဆီးနိုင်ခဲ့တာဟာ သက်ဆိုင်ရာ တာ၀န်ရှိသူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူက သတင်းပေးတာတွေကြောင့် ဖြစ်ပါတယ် " လို့ ပြောသွားတာပါ။

နကွန်စဝမ်မြို့နယ်ထဲမှာ ဖမ်းမိတဲ့ ကားမောင်းသူကတော့ မဲဆောက်မြို့မှာ နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသား အမျိုးသား ဖြစ်ပါတယ်။ အသက်ကတော့ ၂၅ နှစ်အရွယ် ဖြစ်ပါတယ်။ သူ့ကိုတော့ ဆက်လက် စစ်ဆေးနေပြီး ဖမ်းမိတဲ့ ၉၉၉ ကိုးသုံးလုံး တဆိပ် စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံဘက်က မူးယစ်ကုန်သည်တွေက အခကြေးငွေပေးပြီး သယ်ခိုင်းတာလို့ ထွက်ဆိုကြောင်း နကွန်စဝမ်မြို့နယ်ထဲက အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကာလတန်ဘိုး ဘတ်ငွေ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို သယ်ခိုင်းတဲ့ မူးယစ်မှောင်ခိုသမားတွေကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဖမ်းမိ မူးယစ်ဆေး၀ါးတွေဟာ ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်ကနေ အဆင့်ဆင့် သယ်ဆောင်လာတာပြီး ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင်ကနေတဆင့် နကွန်စဝမ်မြို့ထိ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ မူးယစ်သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း မူးယစ်ဆေး၀ါးဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်ပေးခံရမယ်လို့ တရားရေး၀န်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်ရှင်။

Forum

XS
SM
MD
LG