သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူအကျဉ်းထောင်က မြန်မာတွေ အစာငတ်ခံတိုက်ပွဲ ယာယီရပ်ဆိုင်း


မဏိပူအကျဥ်းထောင်ကို မဏိပူလူ့အခွင့်အရေး ကော်မရှင်က သွားရောက်လေ့လာစဥ်။ (Photo Courtesy: Manipur Human Rights Commission)
မဏိပူအကျဥ်းထောင်ကို မဏိပူလူ့အခွင့်အရေး ကော်မရှင်က သွားရောက်လေ့လာစဥ်။ (Photo Courtesy: Manipur Human Rights Commission)


အိန္ဒိယ မဏိပူပြည်နယ်၊ အင်ဖာထောင်ထဲမှာ အခွင့်အရေးတချို့ရဖို့ အစာအငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာအကျဉ်းသားတွေဟာ ကျန်းမာရေး အခြေအနေကြောင့် သူတို့ရဲ့ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါဟာ လတ်တလော အခြေအနေအရ ဆုံးဖြတ်ရတာဖြစ်ပြီး တောင်းဆိုတာတွေ ရဖို့အတွက်တော့ အစာအငတ်ခံ ဆန္ဒပြတာ ထပ်လုပ်ဖို့အစီအစဉ်ရှိကြောင်းလည်း သူတို့က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


လွတ်ရက်စေ့ပြီးလို့ ထောင်က ပြန်မလွတ်သေးတဲ့အတွက် အစာအငတ်ခံပြီး ဆန္ဒပြတောင်းဆိုနေတဲ့ အင်ဖာထောင်ထဲက မြန်မာအကျဉ်းသားတွေဟာ ကျန်းမာရေးအခြေအနေကြောင့် ၁၈ ရက်ကြာတဲ့ သူတို့ရဲ့ အစာအငတ်ခံ သပိတ်ကို ရပ်နားလိုက်ပါတယ်။

နိုင်ငံခြားသားဥပဒေနဲ့ မဏိပူရ်အစိုးရက သူတို့ကို ဖမ်းဆီး၊ ထောင်ချခဲ့တာဖြစ်ပြီး လွတ်ရက်စေ့ပေမယ့် ပြန်မလွတ်သေးတာကြောင့် အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အင်ဖာထောင်ထဲမှာ မြန်မာအကျဉ်းသား ကျား/မ ၁၅၀ ကျော်ရှိပြီး တချို့ဆိုရင် လွတ်ရက်စေ့ပြီးတာတောင် ၂ နှစ်နီးပါး ထောင်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။ ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ဖို့၊ အိန္ဒိယနယ်စပ်က မြို့တခုခုမှာ သူတို့ နေထိုင်ခွင့်ရဖို့ အဓိက တောင်းဆိုခဲ့ကြတာပါ။


အစာငတ်ခံတဲ့သပိတ် အခုလို ရပ်နားလိုက်တာက ယာယီဖြစ်ပြီး တောင်းဆိုချက်တွေကိုရဖို့ သူတို့ အစာအငတ်ခံသပိတ်ကို ထပ်လုပ်ဖို့ရှိကြောင်း အကျဉ်းသားတွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

" ကျန်းမာရေး အခြေအနေအရ သူတို့အားပြတ်သွားတဲ့ လူက ၁၁ ယောက်လောက် ဖြစ်သွားတဲ့အတွက်၊ ၆၆ ယောက်အုပ်စုထဲက ၁၁ ယောက် အားပြတ်တာ ဖြစ်တာပေါ့လေ။ အားပြတ်သွားတော့ ရပ်ထားလိုက်ရတာပေါ့နော်။ အားလုံးခြုံကြည့်လိုက်ရင် သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောတာ ဘာမှ မရှိဘူး၊ အကယ်၍ ဒီဥစ္စာကို သူတို့နောက်ပိုင်းပြန်ပြီး နောက်ထပ် တိုက်ပွဲဝင်ချင်လည်း ဝင်မယ်၊ ဝင်ဖို့သူတို့ စဉ်းစားဆုံးဖြတ်မယ်ပေါ့။ လောလောဆယ် ရပ်ထားလိုက်ရတယ် ဆိုတဲ့အကြောင်း သူတို့ပြောလာတယ်။"

အယောက် ၁၀၀ နီးပါးနဲ့ အစာအငတ်ခံ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ ၆၆ ယောက်က ၁၈ ရက်ကြာတဲ့အထိ ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ရေရှည်ဆန္ဒပြနိုင်ဖို့အတွက် နောက်ပိုင်းရက်တွေမှာ ထောင်တွင်း သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားသုံးခဲ့ကြတာပါ။ ထောင်ဘက်ကတော့ သူတို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို လိုက်လျောပေးနိုင်တဲ့ အခွင့်အာဏာ မရှိဘူးလို့ လာရောက် ညှိနှိုင်းတဲ့ရက်က ပြောခဲ့တာပါ။ ဒါပေမဲ့ မြန်မာအကျဉ်းသားတွေ အစာအငတ်ခံပြီး တောင်းဆိုနေတဲ့ကိစ္စကို ပြည်နယ်အစိုးရဆီကို တင်ပြထားတယ်လို့ သူတို့က ပြောပါတယ်။

အစိုးရရှေ့နေတွေလို့ ယူဆရတဲ့ ရှေ့နေတချို့နဲ့ ထောင်အာဏာပိုင်တွေကတော့ အကျဉ်းသားတွေကို မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်ဘက်ပြန်ဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ အကျဉ်းသားတွေကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သူတို့အတွက် စိုးရိမ်စရာဖြစ်နေလို့ ဒီလိုနည်းလမ်းကို လက်မခံကြောင်း ပြန်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG