သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးခတ်မယ့် ဗဟိုအစိုးရအစီစဉ် မီဇိုရမ်ပြည်နယ်လွှတ်တော် ကန့်ကွက် 


တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)
တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နယ်စပ်စည်းရိုးခတ်မယ့် အိန္ဒိယဗဟိုအစိုးရရဲ့ အစီအစဥ်ကို ကန့်ကွက်ကြောင်း မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ရဲ့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲအတည်ပြုခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံကြားမှာ နှစ်ဘက်နယ်စပ်တလျှောက်နေထိုင်ကြတဲ့ မျိုးနွယ်တူ လူမျိုးစုတွေကြား နယ်ခြားမျဉ်းကိုဖြတ်ကျော်ပြီး ၁၀ မိုင်လောက်အထိ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေမပါဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့် ရှိတဲ့ Free Movement Regime (FMR) သဘောတူညီချက်ကို လက်ယာယိမ်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းပြီး နယ်စပ်စည်းရိုးခတ်မယ်လို့ ကြေညာထားတာပါ။

လွှတ်တော်အမတ် ၆၀ နဲ့ ဖွဲ့စည်းထားတဲ့ မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ပြည်နယ် ပြည်ထဲရေးဝန်ကြီး K. Sapdanga က တင်သွင်းတဲ့အဆိုထဲမှာ ဇိုတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဘိုးဘွားပိုင်မြေမှာ စည်းရိုးမခြားဘဲ အတူတကွနေထိုင်နိုင်စေဖို့ ဗဟို အစိုးရအနေနဲ့ ပြန်လည်စဉ်းစားဖို့ တိုက်တွန်းထားပါတယ်။ “မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းတောင်တန်းတွေပေါ်က ဇိုတိုင်းရင်းသားလူမျိုးစုတွေဟာ ရာစုနှစ်များစွာ အတူနေထိုင်ခဲ့ကြပြီး ဗြိတိသျှကိုလိုနီခေတ်နောက်ပိုင်းကျမှ ပထဝီဝင်အနေအထားအရ နယ်စပ်မျည်းတွေပေါ်လာတာဖြစ်လို့ သူတို့အပေါ် ခြံစည်းရိုးတွေနဲ့ ခွဲခြားတာမျိုးလက်မခံဘူးလို့ ပြည်ထဲရေးဝန်ကြီး Sapdanga က ပြောပါတယ်။

လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ရှိတဲ့ FMR ကို ဖျက်သိမ်းမှာကိုလည်း လက်မခံနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကို ကာရံပြီး လွတ်လပ်စွာဝင်ထွက်ခွင့် FMR ကို ဖျက်သိမ်းလိုက်ရင် နယ်စပ်တဘက်တချက်က တိုင်းရင်းသားမျိုးနွယ်စုတွေကြား စိတ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးအရ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြားနယ်နိမိတ်က မိုင် ၃၀၀ ကျော် ရှည်လျားပြီး တချို့နေရာတွေမှာ ကုလားတန်မြစ် မြစ်ဖျားခံရာ Tiau မြစ်က ပိုင်းခြားထားပါတယ်။ မီဇိုရမ်ပြည်နယ်က လူများစု မီဇိုလူမျိုးတွေ၊ မဏိပူရပြည်နယ်က ကူကီးဇိုမီး လူမျိုးစုတွေနဲ့ မြန်မာ ချင်းလူမျိုးစုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရှိတဲ့ လူမျိုးစုတချို့ဟာ ဇိုလူမျိုးစုဝင်တွေ ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာ ရှား (Amit Anil Chandra Shah) က ဖေဖော်ဝါရီ ၆ ရက်တုန်းက ထပ်မံ ပြောကြားထားတာပါ။ အဲဒီနောက် နှစ်ရက်အကြာမှာ "ပြည်တွင်းလုံခြုံရေးနဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေမှာ လူမျိုးစုတွေရဲ့ လူဦးရေကို ထိန်းသိမ်းဖို့" လွတ်လပ်စွာ နယ်ခြား ဖြတ်သန်းခွင့် FMR ကို ဖျက်သိမ်းကြောင်းလည်း ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလတုန်းက နယ်စပ်ပြည်နယ် တခုဖြစ်တဲ့ မဏိပူရ ပြည်နယ်ထဲမှာ လူအများစု ကသည်း လူမျိုးတွေနဲ့ ကူကီ-ဇိုမီ လူမျိုးစုတွေကြား လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာ မဏိပူရပြည်နယ်အစိုးရကတောင်းဆိုလို့ နယ်စပ်ကာရံဖို့နဲ့ FMR ကို ဖျက်သိမ်းဖို့ ဗဟိုအစိုးရက လုပ်နေတာဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်လို့ အကြောင်းပြတာက မဖြစ်နိုင်ကြောင်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီး Sapdanga က ပြောပါတယ်။ “တကယ်လို့ ဗဟိုအစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကို အမှန်တကယ် စိုးရိမ်တယ်ဆိုရင် ဘူတန်နဲ့ နီပေါနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံတကာ နယ်နိမိတ်တွေကို ကာရံသင့်တယ်” လို့ သူက ထောက်ပြပါတယ်။ အဲဒီ နှစ်နိုင်ငံက လူတွေကလည်း ခရီးသွားစာရွက်စာတမ်းမပါဘဲ အိန္ဒိယနိုင်ငံထဲကို ဝင်ထွက် သွားလာနိုင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယရဲ့ ပြည်နယ်လေးခုအနက် မီဇိုရမ်နဲ့ နာဂလန်း ပြည်နယ်တွေက နည်စပ်စည်းရိုးကာမယ့် ကာရံခြင်းအစီအစဉ်ကို ဆန့်ကျင်နေကြပြီး မဏိပူရနဲ့ အရူနာချယ်ပရာဒက်ရှ် ပြည်နယ်တွေကတော့ ဒါကို ထောက်ခံကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG