သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နယ်စပ်ပိတ်မယ့် ဆုံးဖြတ်ချက်ကို မီဇိုရမ်မှာ ကန့်ကွက်


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့မှာတွေ့ရတဲ့ အိန္ဒိယအလံ (မတ် ၁၅၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့မှာတွေ့ရတဲ့ အိန္ဒိယအလံ (မတ် ၁၅၊ ၂၀၂၁)

မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မီဇိုရမ် ပြည်နယ်မှာ လူရာနဲ့ချီဟာ နယ်စပ်တလျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကိုဖျက်သိမ်းမယ့် အိန္ဒိယဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ဆန့်ကျင် ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံကြားမှာ နှစ်ဘက်နယ်စပ်တလျှောက်နေထိုင်ကြတဲ့ မျိုးနွယ်တူ လူမျိုးစုတွေကြား နယ်ခြားမျဉ်းကိုဖြတ်ကျော်ပြီး ၁၀ မိုင်လောက်အထိ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်တွေမပါဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာခွင့်ရှိတဲ့ Free Movement Regime (FMR) သဘောတူညီချက် ရှိနေတာပါ။ ဒါ့ပေမယ့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီ အိန္ဒိယဘက် ခိုလှုံလာကြအပြီးမှာ နယ်စပ်လုံခြုံရေးကို အိန္ဒိယဘက်ကတိုးလာနေသလို နယ်စပ်စည်းကားပြီး နှစ်ဘက် ဝင်ထွက်သွားလာခွင့်ကို ဖျက်သိမ်းမယ်လို့ လက်ယာယိမ်း အိန္ဒိယဗဟိုအစိုးရက ကြေညာထားတာပါ။

ဗုဒ္ဓဟူးနေ့က မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မှာ ဆန္ဒပြကြသူတွေကတော့ ၁,၀၂၅ မိုင် ရှည်လျားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နယ်စပ် စည်းရိုးခတ်မယ့် ဆုံးဖြတ်ချက်ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။ “အိန္ဒိယ-မြန်မာနယ်နိမိတ်တဘက်တချက်မှာ မိသားစုတွေရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို ဆက်ထားရှိဖို့ တောင်းဆိုကြောင်း” ဆန္ဒပြပွဲကို ဦးဆောင်စီစဥ်တဲ့ အရပ်ဘက် လူမှုအဖွဲ့ ၅ ဖွဲ့ထဲကတခုဖြစ်တဲ့ မီဇို လူငယ်အစည်းအရုံး ဗဟို Central Young Mizo Association အဖွဲ့ခေါင်းဆောင် ချူအန်တီယာ (Chuantea) က အေပီသတင်းကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်ကို မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုက အိန္ဒိယအရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ မီဇိုလူမျိုးတွေနဲ့မျိုးနွယ်တူ ကူကီး-ဇိုလူမျိုးစုတွေ ဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေထဲက တဦးဖြစ်သူ လာမာခူဝါနာ (Lalhmachhuana) ကတော့ အခုလို နယ်စပ်ပိတ်ဖို့တောင်းဆိုချက်က မဏိပူရပြည်နယ်က တောင်းဆိုတာကြောင့်လို့ အေပီသတင်းကို ပြောပါတယ်။ မဏိပူရပြည်နယ်ထဲမှာ မနှစ် မေလကတည်းက လူမျိုးရေး ပဋိပက္ခတွေဖြစ်နေပြီး လူ ၁၅၀ ထက်မနည်းသေဆုံးခဲ့ရာမှာ ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က မြန်မာနိုင်ငံဘက်ကလာတဲ့ “ကြေးစားတပ်ဖွဲ့ဝင်တွေ” က မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ အရပ်ဒေသဖြစ်တဲ့ အရှေ့မြောက်ဘက်ခြမ်းက လူမျိုးစုတွေထဲမှာ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အရင်ကတည်းက ရှိနေတာဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက လူမျိုးစုတချို့နဲ့ ချိတ်ဆက်မှုရှိနေတယ်လို့ အိန္ဒိယ အစိုးရဘက်က စွပ်စွဲလေ့ရှိပြီး စောင့်ကြည့်တာတွေ လုပ်လေ့ရှိပါတယ်။

အိန္ဒိယဟာ မြန်မာနဲ့ မဏိပူရ၊ မီဇိုရမ်၊ အာသံ၊ နာဂလန်းနဲ့ အရူနာချယ်ပရာဒက်ရှ် ပြည်နယ်တွေမှာ နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ်အများစုက အကာအရံ မရှိပါဘူး။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယနဲ့ မြန်မာကြား ဗီဇာကင်းလွတ်တဲ့ ဝင်ထွက်သွားလာခွင့်ကို တားမြစ်တော့မယ် ဆိုပြီး ဒီလအစောပိုင်းတုန်းက ကြေညာထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG