သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်ခံတဲ့ ဂါဇာအပစ်ရပ်ရေး ဟားမတ်စ် ကနဦး သဘောတူ


စစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသ။
စစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသ။


ဂါဇာ ကမ်းမြောက်မှာ အပစ်အခတ်ရပ်စဲနိုင်ရေး သဘောတူညီချက်အတွက် အမေရိကန် ထောက်ခံထားတဲ့ အဆိုပြုချက်ကို ဟားမတ်စ်ဘက်က ကနဦးသဘောတူလိုက်ပြီ ဖြစ်ကြောင်း ဟားမတ်စ် အရာရှိ တဦးနဲ့ အီဂျစ်အရာရှိတဦးတို့က စနေနေ့မှည အေပီသတင်းဌာနကို ပြောပါတယ်။ ဟားမတ်စ်က အရင်တလျှောက်လုံး ရှေ့တန်းတင်လာခဲ့တဲ့ အစ္စရေးဘက်က စစ်ပွဲ အပြီးသတ်အဆုံးသတ်ရေး အာမခံရမယ် ဆိုတဲ့ အဓိကတောင်းဆိုချက်ကို ဖြေလျှော့ပေးလိုက်တာပါ။

ဒါပေမဲ့ သဘောတူညီချက်က အာမ မခံနိုင်သေးကြောင်း နှစ်ဖက်စလုံးက သတိပေးထားပါတယ်။ အခု ပထမအဆင့် သဘောတူညီချက် အသက်ဝင်လာချိန်မှာ အစ္စရေးဘက်က အမြဲတမ်း အပစ်အခတ် ရပ်စဲရေး အတွက် ဆက်လက် ညှိနှိုင်းသွားပါမယ်ဆိုတာကို ကြားက စေ့စပ်ဖျန်ဖြေပေးနေသူတွေဆီက စာနဲ့ ရေးသား ဖော်ပြထားတဲ့ အာမခံချက်မျိုး ဟားမတ်စ်ဘက်က လိုချင်နေသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ပွဲပြန်လည်စတင်မှာ မဟုတ်ကြောင်းနဲ့ ထာဝရအပစ်အခတ်ရပ်စဲရေး သဘောတူညီ မရမချင်း စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာကို “နှုတ်ကတိကဝတ် အာမခံချက်” ရရှိခဲ့လို့ အခုလို တဆင့်ချင်းသွားမယ့် အပစ်ရပ် သဘောတူညီချက်ကို ကနဦးသဘောတူခဲ့တာလို့ ဟားစ်မတ် အရာရှိက အေပီကို ပြောပါတယ်။ ဒါပေမဲ့ “အဲဒီအာမခံချက်တွေကို စာရွက်ပေါ်မှာ ချရေးထားတာ လိုချင်တယ်” လို့ သူက ပြောပါတယ်။


အမည်မဖော်လိုတဲ့ ဟားမတ်စ်နဲ့ အီဂျစ် အရာရှိ နှစ်ဦးရဲ့ ပြောဆိုချက် အရ အမေရိကန် အဆိုပြုခဲ့တဲ့ အဆင့်လိုက် ဖော်ဆောင်မယ့် သဘောတူညီချက်ထဲမှာ ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေထဲက သက်ကြီးရွယ်အိုတွေ၊ ဖျားနာနေသူတွေနဲ့ အမျိုးသမီးတွေကို ရာနဲ့ချီတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေနဲ့ လဲလှယ်ပေးနိုင်ဖို့ သီတင်း (၆) ပတ်ကြာ အပြည့်အဝ အလုံးစုံ အပစ်အခတ်ရပ်စဲရေးနဲ့ စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ အဲဒီ ၄၂ ရက်အတောအတွင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင်ဒေသက လူနေထူထပ်တဲ့ နေရာတွေကနေ ဆုတ်ခွာပေးရမှာ ဖြစ်ပြီး ဂါဇာမြောက်ပိုင်းကနေ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့တဲ့ ပါလက်စတိုင်းတွေကိုလည်း နေရပ်ပြန်ခွင့်ပြုရမှာ ဖြစ်ပါတယ်။

အဲဒီ အချိန်ကာလအတွင်းမှာ ဟားမတ်စ်၊ အစ္စရေးနဲ့ ကြားက စေ့စပ်ဖျန်ဖြေပေးနေသူတွေဟာ ကျန်ရှိနေသေးတဲ့ အရပ်သားရော၊ စစ်သားရော ပါဝင်တဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးနိုင်မယ့် ဒုတိယအဆင့် အတွက် သတ်မှတ်ချက်တွေကို ညှိနှိုင်းသွားရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း နောက်ထပ် ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ သူတို့ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးရပါမယ်။ သဘောတူညီချက် တတိယအဆင့်မှာတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေအပါအဝင် ကျန်နေသေးတဲ့ ဓားစာခံတွေ လွှတ်ပေးတာ အပါအဝင် နှစ်ရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်စီမံကိန်းတွေ စတင်ဖို့ ပါဝင်ပါမယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ကြီးကြပ်ဖွင့်လှစ်ထားတဲ့ နူဆီရတ် ဒုက္ခသည်စခန်းမှာ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒီဖြစ်ရပ်ကို စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG