သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့်တောင်းခံသူ ရဝမ်ဒါပို့မယ့်မူ ဗြိတိန်အစိုးရသစ် ဖျက်သိမ်း


(မှတ်တမ်းပုံဟောင်း) ၂၀၂၂ တုန်းက အင်္ဂလန်နိုင်ငံကို တရားမဝင် ဝင်ရောက်လာကြတဲ့ လှေစီးဒုက္ခသည်များ။
(မှတ်တမ်းပုံဟောင်း) ၂၀၂၂ တုန်းက အင်္ဂလန်နိုင်ငံကို တရားမဝင် ဝင်ရောက်လာကြတဲ့ လှေစီးဒုက္ခသည်များ။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ (Keir Starmer) က အရင် ကွန်ဆာဗေးတစ် အစိုးရလက်ထက်က အဆိုပြုခဲ့တဲ့ နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါနိုင်ငံကို ပို့မယ့် အငြင်းပွားဖွယ် မူဝါဒကို ဖျက်သိမ်းလိုက်ကြောင်း စနေနေ့မှာ ကြေညာပါတယ်။

“ရဝမ်ဒါအစီအစဥ်က မစတင်ခင်မှာပဲ အပြီးတိုင် အဆုံးသတ်သွားပြီ” လို့ စတားမာက သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ဒီမူဝါဒက ဘယ်တုန်းကမှ ရွှေ့ပြောင်းသူတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်ရလဒ်သာ ဖြစ်ခဲ့ပါတယ်။" လို့ လောဘာပါတီ ဝန်ကြီးချုပ်သစ်က ပြောပါတယ်။

ဒီကိစ္စဟာ အများ မျှော်လင့်ထားသလိုပဲ ဝန်ကြီးချုပ်သစ် ရာထူးယူပြီးနောက်ပိုင်း ပထမဆုံး လုပ်ဆောင်တဲ့ မူဝါဒ အပြောင်းအလဲ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတုန်းကတည်းက ဒေါ်လာသန်းရာနဲ့ချီ ကုန်ကျမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်းမယ်လို့ စတားမာက ပြောခဲ့တာပါ။

ရဝမ်ဒါ အစီအစဉ်ဟာ အန္တရာယ်များလှတဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်ကြသူတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဟောင်း ရီရှီ ဆူးနက်ခ် (Rishi Sunak) ရဲ့ အဓိက မူဝါဒ တခု ဖြစ်ခဲ့ပါတယ်။ အခု ဒီမူဝါကို ဖျက်သိမ်းလိုက်ပေမယ့် ဒီနှစ်ထဲ ပထမခြောက်လအတွင်း စံချိန်တင် အရေအတွက်နဲ့ ရေကြောင်းကနေ ရွှေ့ပြောင်းရောက်လာနေသူ အရေး အကျပ်အတည်းကို တခြား မတူညီတဲ့ ဘယ်လို နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုတော့ ဝန်ကြီးချုပ် စတားမာက ရှင်းရှင်းလင်းလင်း ချမပြနိုင်သေးပါဘူး။

ဝန်ကြီးချုပ်ဟောင်း ဆူးနက်ခ်ရဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာကို အစားထိုးရယူဖွယ်ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောထားတင်းမာသူ Suella Braverman ကတော့ ရဝမ်ဒါ အစီအစဥ် ဖျက်သိမ်းလိုက်တာကို ဝေဖန်ပါတယ်။ “ကီယာစတားမာ ကြောင့် မဝေးတဲ့ အနာဂတ်မှာတင် ပြဿနာကြီးကြီးမားမား ဖြစ်လာမှာကို စိုးရိမ်ကြောင်း” အမျိုးသမီး ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် Braverman က စနေနေ့မှာ ပြစ်တင်ပါတယ်။

လန်ဒန်မြို့ Queen Mary တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ တင်မ် ဘေးလ် (Tim Bale) ကတော့ အစိုးရသစ်အနေနဲ့ “ရက်လက်ကြားကို လှေငယ်တွေနဲ့ ဖြတ်ပြီး ဝင်လာနေကြတာကို အဖြေရှာဖို့ လိုအပ်နေတယ်” လို့ ဗွီအိုအေကို ပြောပါတယ်။ "ဒီပြဿနာကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရလိမ့်မယ်" လို့ ဆိုပါတယ်။

အစိုးရသစ်ရဲ့ ပထမဆုံး အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးအပြီး အမှတ် (၁၀) ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်ရှေ့က မိနစ် ၃၀ ကြာ သတင်းစာရှင်းလင်းပွဲမှာ "အပြောင်းအလဲအတွက် မရပ်မနား သူ ဆက် အလုပ် လုပ်မယ်” လို့ ဝန်ကြီချုပ်သစ် စတားမာက သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီးချုပ်စတားမာရဲ့ လေဘာပါတီဟာ နှစ်ပေါင်း ၂၀၀ ကျော် အတွင်း ကွန်ဆာဗေးတစ်ပါတီကို အပြတ်အသတ်နိုင်ခဲ့တာပါ။

အစိုးရသစ်အနေနဲ့ နှေးကွေးကျဆင်းနေတဲ့ စီးပွားရေးနဲ့ နှစ်များစွာ ရှားပါး ကျပ်တည်းလာနေတာတွေ အပါအဝင် ပြည်တွင်းမပြေလည်မှုတွေ ဖြေရှင်းနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်နိုင်ရေး၊ နိုင်ငံရေးမငြိမ်မသက်မှုတွေ၊ လူထုရဲ့ စိတ်ပျက်နေမှုတွေကို ကုစားပြီး အစိုးရအပေါ် ယုံကြည်မှုပြန်လည်ရရှိနိုင်ရေး အစရှိတဲ့ ဖြေရှင်းရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

"ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိတယ်၊ ဒါကြောင့် အခု စပြီ အလုပ်တွေ ဆက်လုပ်ဖို့ လိုတယ်" လို့ လည်း ဒေါင်းနင်းလမ်းနေအိမ် စားပွဲဝိုင်းမှာ အစိုးရဝန်ကြီးအဖွဲ့ဝင်သစ်တွေကို လက်ခံကြိုဆိုရာမှာလည်း ဗြိတိန်ဝန်ကြီးချုပ်သစ် စတားမာက ထည့်သွင်းပြောခဲ့ပါတယ်။

“လေဘာပါတီက အပြတ်အသတ်နိုင်သွားတာနဲ့ ကွန်ဆာဗေးတစ်အစိုးရ လက်ထက်တုန်းက ရင်ဆိုင်ခဲ့တဲ့ ပြဿနာတွေအားလုံး ပြေလည်သွားပြီလို့ပြောလို့ မရဘူး” လို့ ပါမောက္ခ ဘေးလ်က သုံးသပ်ထားပါတယ်။

ခိုလှုံခွင့်တောင်းခံသူ ရဝမ်ဒါပို့မယ့်မူ ဗြိတိန်အစိုးရသစ် ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG