သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အခွန်ကောက်မယ့်ကိစ္စ စက်မှုဇုန်လုပ်သားတွေစိုးရိမ်


(မှတ်တမ်းပုံဟောင်း) ရွှေပြည်သာ ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံလုပ်သားများ။
(မှတ်တမ်းပုံဟောင်း) ရွှေပြည်သာ ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံလုပ်သားများ။

စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံအလုပ်သမားတွေရဲ့ လစာငွေထဲက အခွန်ကောက်ယူဖို့အတွက် စက်မှုဇုန် စီခံခန့်ခွဲရေး ကော်မတီတွေကတဆင့် စက်ရုံတွေကို အဆင့်ဆင့် ညွှန်ကြားထားတယ်လို့ ပြည်တွင်းက အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ လက်တလောမှာတော့ စက်ရုံတခုချင်းစီအလိုက် စာရင်းတွေ ကောက်ခံနေကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက် အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။


လစာငွေ ကျပ်လေးသိန်းကျော်တဲ့ စက်မှုဇုန် အလုပ်သမားတွေကို အခွန်ကောက်ခံဖို့အတွက် စက်ရုံတာဝန်ရှိသူကို စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း ပြည်တွင်း အလုပ်သမား အဖွဲ့အစည်းတွေက ဗွီအိုအေက ပြောပါတယ်။ ဝင်ငွေပမာဏနဲ့ မိသားစု အချက်အလက်အလိုက် စိစစ်မှုတွေ လုပ်ဆောင်နေကြောင်း လှိုင်သာယာ စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ တခုရဲ့ အခြေခံအလုပ်သမား သမဂ္ဂဝင်တဦးက ပြောပါတယ်။

" ကိုယ့်ရဲ့ လစာထဲက လေးသိန်းကျော်တာနဲ့ ရာခိုင်နှုန်းအလိုက် ဖြတ်မယ်ဆိုပြီးတော့လည်း ပြောထားတာတွေရှိတယ်။ အဲဒီရာခိုင်နှုန်းကလည်း များတယ်လို့ပြောတယ် အလုပ်သမား တဦးချင်းစီကနေ ပေါ့နော်၊ အခွန်ဖြတ်မယ်လို့ပြောတယ်။ ပြီးတော့ မိဘတပါးတည်း ရှိတဲ့သူဆိုရင်တော့ အခွန်ဆောင်ရမယ်၊ နှစ်ပါးလုံး ရှိတဲ့သူဆိုရင်တော့ လေးသိန်းကျော်တာနဲ့ အခွန်ဆောင်စရာ မလိုဘူးပေါ့နော်။ စိုးရိမ်ကြတယ် အချက်အလက် ကောက်တဲ့ အပေါ်မှာပေါ့နော်၊ ဘာတွေထပ်ပြီး လုပ်ဆောင်မလဲဆိုတာကို အလုပ်သမား တော်တော်များများက စိုးရိမ်နေတယ်။ (စာရင်းကောက်တာ) မရောက်သေးတဲ့ စက်ရုံတွေလည်း ရောက်တဲ့ အလုပ်သမား အချင်းချင်းက ပြောတာတွေလည်း ကြားရတယ်ပေါ့နော်။"


အလုပ်သမားတွေ ဝင်ငွေခွန် ပေးဆောင်ရမယ့်ကိစ္စကို အရင်အစိုးရ လက်ထက်ကတည်းက ကြိုးပမ်းခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရ မဟုတ်တဲ့ အစိုးရတရပ်ကို အခွန်ဆောင်ဖို့ မလိုလားကြောင်း ပြည်တွင်းအခြေစိုက် အလုပ်သမား အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။

" အရင်တုန်းကတော့ ဥပဒေရှိပေမယ့် လက်တွေ့ကျင့်သုံး မထားဘူးပေါ့လေ၊ အခုမှ သူတို့တွေ ပိုက်ဆံလိုလာတဲ့ အခါကျတော့ အသေးစိတ်ကအစ လိုက်လုပ်တဲ့ပုံစံ ဖြစ်တာပေါ့လေ။ အဲဒီတော့ အခွန်ပေးရမယ့် လူကလည်း တခါမှ ဒီလိုဖြစ်စဉ်မျိုး မကြုံဖူးတဲ့ အခါကျတော့။ နောက်တခုက အခွန်ပေးရမယ်ဆိုရင် အရပ်သားအစိုးရကိုပဲ အခွန်ပေးချင်တယ် စစ်အစိုးရလိုဟာမျိုးကို မပေးချင်တဲ့ဟာမျိုး ရှိတာပေါ့လေ။ အခုကျ မဆောင်ချင်ဘူးပေါ့။"

စက်ရုံတွေကို တဆင့်ညွှန်ကြားထားပေမယ့် စက်ရုံအလုပ်သမားတွေကို အခွန်ကောက်ယူမယ့် အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လစဉ်ဝင်ငွေထဲက ၂၅ ရာခိုင်နှုန်းကို အခွန်ပေးရမယ်လို့ စစ်ကောင်စီက ပြောထားပေမယ့် ပြည်ပရောက် မြန်မာတချို့ကတော့ အခွန်မပေးရတဲ့ နည်းလမ်းတွေနဲ့ ရှောင်ရှားကြပါတယ်။ ပြည်တွင်းက အလုပ်သမားတွေကတော့ အခက်အခဲ ရှိလာနိုင်ကြောင်း တချို့က ပြောပါတယ်။ စက်ရုံအလုပ်သမားတွေက လူမှုဖူလုံကြေး ၅ ရာခိုင်နှုန်းကို လတိုင်း ပေးဆောင်နေရပေမယ့် လူမှုဖူလုံရေး ခံစားခွင့်တွေကိုတော့ အပြည့်အဝ မခံစားရကြောင်း အလုပ်သမားတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG