သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ်


လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

MNDAA ကိုးကန့်တပ်အနေနဲ့ နယ်စပ်မှာ ကျောပြုထားရတဲ့ တရုတ် နိုင်ငံရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်လို့ နွေဦးတော်လှန်ရေးကနေ ရုန်းထွက်သွားရင်တောင် လက်ရှိ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ အတွက် တရုတ်နိုင်ငံကြားခံပြီး စစ်ကောင်စီနဲ့ အကျေအလည်ညှိနှိုင်းရမှာ ဖြစ်တယ်လို့ ဝါရင့် နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊ အာရက္ခတပ်တော် (AA) တို့နဲ့ ပူးပေါင်းနိုင်ဖို့အရေးကြီးတယ်လို့ ထောက်ပြကြသလို တဘက်မှာလည်း တရုတ်လိုလားသလို စစ်ပွဲတွေ လုံးလုံးရပ်ဖို့က မဖြစ်နိုင်ဘူးလို့ ထောက်ပြကြပါတယ်။ မြန်မာ့အရေး အနီးကပ် စောင့်ကြည့်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး သုတေသီတွေကိုဆက်သွယ် မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လို့ ခေါ်တဲ့ ကိုးကန့်တပ်က လက်ရှိ ထိုးစစ်တွေကိုရပ်ပြီး မန္တလေး၊ တောင်ကြီး မြို့သိမ်းစစ်ပွဲတွေမှာ ပါဝင်မှာမဟုတ်သလို အဓိက ခုခံတော်လှန်ရေး အင်အားစု ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်တွဲမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၄ ရက် နေ့စွဲနဲ့ ကြေညာချက်ကိုစက်တင်ဘာ ၁၉ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်မီဒီယာမှာ တရားဝင် ထုတ်ပြန်လာတာပါ။ ဒါဟာ စက်တင်ဘာ ၄ ရက် တုန်းက ဆိုရှယ်မီဒီယာမှာတင်ခဲ့ပြီးမှ ပြန်ဖြုတ်ချခဲ့တဲ့စာအတိုင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဆန့်ကျင်ဘက် နိုင်ငံခြားအင်အားစုတွေနဲ့ မဟာမိတ်မဖွဲ့ဖို့က MNDAA ရဲ့ အရေးကြီးတဲ့ နိုင်ငံရေး Red Line ကန့်သတ်မျဥ်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါဟာ ဩဂုတ်လတုန်းက တရုတ် နိုင်ငံခြားရေး ဝမ်ရိ (Wang Yi) ရဲ့ နေပြည်တော်ခရီးစဥ်အပြီးမှာ ကြေညာခဲ့တဲ့ “စည်း ၃စည်း” မကျော်ရ သတိပေးချက်ရဲ့ အဆက် ထုတ်ပြန်ချက်ဖြစ်တယ်လို့ ဝါရင့် နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကိုပြောပါတယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာ့အရေးမှာ ဒေသတွင်း ပြင်ပအင်အားစုဝင်ရောက်မစွက်ဖက်ရေးကို အလေးပေးတဲ့အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မူဝါဒကို မလွန်ဆန်နိုင်တာကြောင့်လို့ သူက သုံးသပ်ပါတယ်။

“ညီနောင် ၃ ဖော်ရဲ့ ကနဦး အဆိုပြုချက်ဖြစ်တဲ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်တိုက်ခိုက်မယ်ဆိုတဲ့ကတိသစ္စာပြုချက်ကို MNDAA က ဖောက်လိုက်တာပါ။ ဒါပေမယ့် အဲ့လို ဖောက်ဖျက်လိုက်တဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ပြန်ပြီးလေ့လာကြည့်တဲ့ အခါ MNDAA ရှိနေတဲ့ ကိုးကန့်ဆိုတာ လူ တသိန်းပတ်ဝန်းကျင်လောက်ပဲရှိတဲ့ မြန်မာရဲ့ အရှေ့မြောက် အစွန်အဖျားက နယ်မြေလေးပါ။ နယ်မြေအကျယ်အဝန်းလည်း ဘယ်လောက်မှ မရှိပါဘူး။ သူက တရုတ်ကို ကျောပေးထားတဲ့အတွက် တလျှောက်လုံး သူတို့အနေနဲ့ တရုတ်ပြည်ကို နိုင်ငံရေး၊ စစ်ရေး၊စီးပွားရေး ဘက်စုံကနေ မှီခိုနေရတဲ့အခြေအနေဖြစ်ပါတယ်။ အဲ့လို အခြေအနေရှိတဲ့ အင်အားစုအတော်များများဟာတရုတ်ပြည်ရဲ့ မူဝါဒကို မလွှဲမရှောင်သာ လက်ခံရတဲ့အခြေအနေ ရှိပါတယ်။ သေချာပါတယ်။ ဒီလို MNDAA သဘောထား ပြောင်းလွဲပြီးတော့ ကတိကဝတ်တွေကို ဖောက်ဖျက်ရတယ် ဆိုတာ သူ့မှာ ကြီးမားတဲ့ ဖိအားတွေ ရှိပါလိမ့်မယ်။”

မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး လောက်ကိုင်မြို့မှာ တရုတ်ဘက်ကဖိအားပေးတဲ့ အနေနဲ့ အဝင်အထွက် ပိတ်ဆို့ပြီး ကူးသန်းရောင်းဝယ်မှုတွေ ရပ်ဆိုင်းနေတဲ့ အခြေအနေ ကြုံတွေ့ရတာရှိတယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

ကိုးကန့်အဖွဲ့အနေနဲ့ ဒီလို ကြီးမားတဲ့ ဖိအားနဲ့ ရင်ဆိုင်နေရတဲ့ အချက်ကို လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ နောက်ထပ် ဝါရင့်နိုင်ငံရေး လေ့လာသူတဦးကလည်း သဘောတူပါတယ်။ တရုတ်နယ်စပ်မှာရှိကြတဲ့ အင်အားကြီး ‘ဝ’ တပ်ဖွဲ့ အပါအဝင် ကိုးကန့်၊ မိုင်းလား အဖွဲ့အားလုံးက တရုတ်လူမျိုးခေါင်းဆောင်ပိုင်းနဲ့ တရုတ်ဘာသာစကားပြောပြီး တရုတ်နိုင်ငံနဲ့ နီးစပ်ကြသလို အကျိုးစီးပွားတွေ ရောယှက်နေလို့ တရုတ်သြဇာကို လွန်ဆန်ဖို့ခက်တယ်လို့ သူက ရှုမြင်ပါတယ်။

တရုတ်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲကလည်း အမေရိကန်နဲ့ တန်ပြန်နိုင်ဖို့ကို အလေးပေးတဲ့ ကမ္ဘာလွှမ်းခြုံကြည့်တဲ့ ဘေဂျင်း ဗဟို အစိုးရကလာတယ်လို့ သူက သုံးသပ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ နီးစပ်တယ်လို့ တရုတ်က ရှုမြင်ထားတဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစု တချို့နဲ့ မြောက်ပိုင်းအဖွဲ့တွေကြား မဟာမိတ် ဖြစ်မှုကို ဖြတ်တောက်လိုတာလို့ ဆိုပါတယ်။

"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ်
please wait

No media source currently available

0:00 0:07:59 0:00

ဦးသန်းစိုးနိုင်ကတော့ တရုတ်က အမေရိကန်ကို ဗျူဟာမြောက် ကြည့်တာမှန်ပေမယ့် မြန်မာ့အရေးမှာတော့ သူ သြဇာချယ်လှယ်နိုင်မယ့် အစိုးရတရပ်ကိုအလိုရှိတာ ပိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“အမေရိကန်ကိုကြည့်တယ်ဆိုတာက နိုင်ငံတကာ မဟာဗျူဟာအနေနဲ့ ကြည့်တာပါ။ တကယ်က ဗမာပြည်ထဲမှာ အမေရိကန်အကျိုးစီးပွားက ဘာမှ မရှိပါဘူး။ အဲ့တော့ တရုတ်နိုင်ငံက ဗမာပြည်နဲ့ပတ်သက်ရင် သူ့ ရဲ့အရေးကြီးတဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် သူ စိတ်ကြိုက် ကြိုက်သလိုခိုင်းလို့ရတဲ့ အစိုးရတရပ်ကို သူကလိုချင်နေတာပါ။”

လက်တွေ့မှာလည်း ဝမ်ရိ (Wang Yi) ရဲ့ မြန်မာပြည် ခရီးစဥ် ပြီးကတည်းက မြောက်ပိုင်း ညီနောင် တိုင်းရင်းသား မဟာမိတ် အဖွဲ့တွေကို စစ်ရပ်ိဖု့ကို တရုတ်က ဆက်တိုက် ဖိအားပေးလာနေတာပါ။ လက်ရှိအချိန်ဟာ ညီနောင် မဟာမိတ် ၃ ဖော်ထဲက TNLA တအာင်းတပ်နဲ့ NUG အောက်က မန္တလေး PDF တပ်တွေပူးပေါင်းပြီး ပြင်ဦးလွင်အပါအဝင် မန္တလေးတိုင်းကို ချဥ်းကပ်ဝင်မယ် ရှမ်း-မန်း စစ်ဆင်ရေး ဖော်ဆောင်မယ့် အချိန်လည်း ဖြစ်လို့ တရုတ်က MNDAA ကို ဖိအားပေးပြီး အခု လှမ်းလိုက်တဲ့ ခြေလှမ်းက အရေးကြီးပြီး ထိရောက်တယ်လို့လေ့လာသူ နှစ်ဦး လုံးက သုံးသပ်ပါတယ်။

တဘက်မှာတော့ ညီနောင် မဟာမိတ် အဖွဲ့ဝင်ထဲက အာရက္ခတပ်တော် (AA) ကလည်း ရခိုင်ပြည် လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲ ဝင်မှာ ဖြစ်သလို ရှမ်းမြောက်မှာ အခြေစိုက်တဲ့ TNLA တအာင်း တပ်ကလည်း တရုတ်နိုင်ငံရဲ့ သြဇာကနေ အထိုက်အလျောက် လွတ်ကင်းတယ်လို့ သူတို့ နှစ်ဦးလုံးက ရှုမြင်ကြပါတယ်။ TNLA နဲ့ ပတ်သက်ပြီးဦးသန်းစိုးနိုင်ကတော့ အခုလို သုံးသပ်ပါတယ်။

“TNLA နဲ့ ပတ်သက်လို့ကတော့ တရုတ်က လက်လှမ်းမီတဲ့ အခြေအနေ သိပ်မရှိတော့ပါဘူး။ နောက်တခုက TNLA ကတရုတ်ရဲ့ မှီခိုမှု ဆိုတာထက် TNLA ရဲ့ အမျိုးသား အကျိုးစီးပွားက ဗမာပြည်တွင်းမှာ တိုက်ရိုက် ပတ်သက်နေတာပါ။ဒါကြောင့်မို့ TNLA က သာ ဆက်လက်ပြီးတော့ ညီနောင် သုံးဖော် ရဲ့ ကတိကဝတ်ကို ဆက်လက်ပြီး ထိန်းသိမ်းထားဦးမယ် အခု ရှိနေတဲ့ တောင်ခမ်းတိုက်ပွဲကတဆင့် ပြင်ဦးလွင်ကို ဝင်မယ်။ ရှမ်း-မန်း စစ်ဆင်ရေးကို လုပ်ဆောင်မယ် ဆိုရင်ဗမာပြည်ရဲ့ နွေဦးတော်လှန်ရေးရဲ့ အနေအထားက အထိုင် မပျက် ဆက်ပြီးတော့ လှုပ်ရှားနိုင်တဲ့ အခြေအနေရှိပါတယ်။”

အမည်မဖော်လိုတဲ့ ဝါရင့် နိုင်ငံရေးသုံးသပ်သူကတော့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ လားရှိုး အထိ စစ်ရေးချဲ့ထွင်လာတာကိုက လုံလောက်တဲ့ အနေအထား ဖြစ်ပြီး လားရှိုးကို ဆက်ထိန်းထားနိုင်ရင် စစ်အာဏရှင် ဆန့်ကျင်ရေး အတွက်အထောက်အကူ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဦးသန်းစိုးနိုင်ကတော့ လားရှိုးကိစ္စမှာလည်း ကိုးကန့်နဲ့ စစ်ကောင်စီကြား တရုတ်က ကြားဝင် ညှိနှိုင်းပေးလာဖွယ် ရှိတယ်လို့ ထောက်ပြပါတယ်။

“တကယ် လို့ တရုတ်ကသာ ကိုးကန့် မင်း ကွမ်လုံရဲ့ အရှေ့ဘက်ခြမ်းပဲ ပြန်ယူလိုက်၊ လားရှိုးကို (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်နဲ့ ညှိပြီးတော့ လားရှိုးကို အပေး-အယူ လုပ်ကြမယ် ဆိုလို့ရှိရင်တော့ မိုင်းရယ်က ရ-မ-ခ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) အသစ်ဟာ လားရှိုးရောက်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ တရုတ်က ဘယ်လောက် အထိ ပါဝင် တောင်းဆိုလာမှာလဲ ဆိုတာ အပေါ်မှာမူတည်ပါတယ်။ အဲ့တော့ သူ ညှိနှိုင်းလို့ အဆင်ပြေလို့ရှိရင် လားရှိုး ရ-မ-ခ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ပြန်ရသွားနိုင်တယ်။ အဲ့လို ရသွားမယ်ဆိုလိုရှိရင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ရဲ့ တပ်က စိတ်ဓာတ်တွေ တက်လာနိုင်ပါတယ်။”

တဘက်မှာလည်း NUG ဦးဆောင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုအနေနဲ့ မန္တလေးတိုင်းနဲ စစ်ကိုင်းတွေမှာအောက်ခြေက အစုအဖွဲ့တွေကို စုစည်းပြီး ဗျူဟာမြောက် စစ်ပွဲတွေ ဖော်ဆောင်ဖို့လိုသလို အာရက္ခ တပ်တော် (AA) နဲ့လည်း နိုင်ငံရေး အရ ပိုပြီး လက်တွဲ နိုင်ဖို့ ဦးစားပေးသင့်တယ်လို့ ဦးသန်းစိုးနိုင် ရှုမြင်ပါတယ်။ အမည်မဖော်လိုတဲ့နိုင်ငံရေး သုံးသပ်သူကတော့ NUG အနေနဲ့ တရုတ်နိုင်ငံ ဆိုင်ရာ မူဝဒါတွေကို ပိုပြီး လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ရဲ့ မြန်မာ့ရေးရာ အကြီးတန်းအတိုင်ပင်ခံ တွမ်ကီန်း (Thomas Kean) က တော့ အခု စစ်ရပ်မယ့် သဘောမျိုး ထုတ်ပြန်ချက် ကြေညာလိုက်တဲ့ MNDAA ကိုးကန့် တပ်ဖွဲ့ကိုယ်နှိုက်မှာကို သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေ အကျိုးစီးပွား လုံခြုံရေး အတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတိုင်းအတာ တခု အထိ ဆက်လက် ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထား ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“နောက်ကနေပြီးတော့ မှ ဖိအားပေးနေတယ့် တရုတ်နိုင်ငံရဲ့ မူဝါဒကို လိုက်နာပြီး အနီရောင် ကန့်သတ်မျဉ်းကို လိုက်နာရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ နှစ်ဘက်ဖြစ်နေတဲ့ အကျိုးစီးပွားတွေကို ဟန်ချက်ညီအောင် ကြိုးစားနေရပါတယ်။ ရှေ့ကို တိုးလိုက် နောက် ပြန်ဆုတ်လိုက် အဲဒီလို ရှေ့တိုး နောက်ဆုတ် ဖြစ်နေတာမျိုးကို ဆက်မြင်ရမယ်လို့ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို လုံးဝအဆက်အသွယ် ဖြတ်လိုက်တာမျိုးကိုတော့ မြင်ရမယ်လို့ ကျနော် မထင်ပါဘူး။”

တဘက်မှာလည်း ကိုးကန့် အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ တရုတ်နိုင်ငံကို အလုံးစုံ လျစ်လျူရှုလိုက်တာမျိုးလည်း ဖြစ်လာမှာ မဟုတ်ဘဲ နှစ်ဘက်လုံးကို မပြတ် ထိန်းညှိ သွားနိုင်ဖို့ ကြိုးစားသွားဖွယ် ရှိတယ်လို့လည်း တွမ်ကီန်းက ဗွီအိုအေကို ပြောပါတယ်။ သူက ဟိုင်ဂင် သဘောတူညီချက် အလုပ် မဖြစ်ခဲ့တာကို ဥပမာ ပေးပါတယ်။တိုင်းရင်းသား အဖွဲ့တွေဟာ တရုတ်ရဲ့ လိုလားချက် အတိုင်း လိုက်ပါ ဆောင်ရွက်ရတာတချို့ ရှိပေမယ့် တရုတ်က သူတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်တာမဟုတ်လို့ ကိုယ်ပိုင် မဟာဗျူဟာနဲ့ နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ် ဆောင်ရွက်လာနိုင်တယ်လို့ တွမ်ကီန်းက သုံးသပ်ပါတယ်။

တပြိုင်တည်းမှာလည်း စစ်ကောင်စီ ဘက်ကလည်း လက်ရှိ နယ်မြေတွေ အများအပြား ဆုံးရှုံးနေတဲ့ အနေအထားမှာ အပစ်အခတ်ရပ်စဲရေးကို လိုလားမှာ မဟုတ်ဘဲ အင်အားပြန်တည်ဆောင်နိုင်ဖို့လောက်ပဲ ယာယီ ဆွေးနွေးတာမျိုးပဲ လုပ်မယ့် သဘောရှိလို့ ရှေ့မှာ ပဋိပက္ခတွေက လျော့ပါးလာဖို့ထက် ပိုပြီးတော့ တိုးလားဖို့ မျှော်လင့်ပြင်ဆင်ထားသင့်တယ်လို့သူက သုံးသပ် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG