သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာရွှေ့ပြောင်း မိခင်နဲ့ ကလေး သုံးဦး သတ်ဖြတ်ခံရ


credit: GoFundMe
credit: GoFundMe

အမေရိကန် ပြည်ထောင်စု ယူတား (Utah) ပြည်နယ်က မိခင်နဲ့ ကလေး သုံးဦး နေအိမ်မှာ သတ်ဖြတ်ခံရတဲ့ မိသားစုဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကနေ ထွက်ပြေးပြီး အမေရိကန်ကို ဒုက္ခသည် အဖြစ် ပြောင်းရွှေ့အခြေချလာသူတွေ ဖြစ်ကြောင်း ဆွေမျိုးတွေကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

Utah ပြည်နယ် ဆော့လိတ်စီးတီး ဆင်ခြေဖုံး ဝက်စ်ဗယ်လီ မြို့က နေအိမ်အတွင်းမှာ ခင်ပွန်း ဖြစ်သူက ဇနီးနဲ့ ကလေးသုံးယောက် ကို သေနတ်နဲ့ ပစ် သတ်ဖြတ်ခဲ့ပြီး ကိုယ်တိုင်လည်း အဆုံးစီရင်သွားဖွယ်ရှိကြောင်း ဒေသ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး ကလေး တဦးကတော့ နေအိမ်အတွင်းမှာ အသက်ရှင်လျက် ဦးခေါင်း သေနတ်ဒဏ်ရာနဲ့ တွေ့ရှိရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Roxeanne Vainuku က သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်း အေပီ သတင်းမှာ ဖော်ပြပါတယ်။

“ကနဦး စစ်ဆေးချက်အရ ဖခင်ဖြစ်သူက မိသားစုဝင်တွေအားလုံးကို ပစ်ခတ်ပြီး သူ့ကိုယ်သူ ပစ်သတ်ခဲ့တာ ဖြစ်နိုင်တယ်” လို့ ဆိုပေမယ့် ဒါကို အတည်ပြုနိုင်ဖို့ လိုအပ်တဲ့ မှုခင်း စစ်ဆေးချက်တွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ အသက် ၃၈ နှစ် အရွယ် မိခင်ဖြစ်သူ Bu Meh ၊ အသက် ၈ နှစ် အရွယ် Kristina Ree ၊ အသက် ၂ နှစ် အရွယ် Nyay Meh ၊ အသက် ၁၁ နှစ် အရွယ် Boe Reh နဲ့ အသက် ၄၂ နှစ်အရွယ် ဖခင် ဖြစ်သူ Dae Reh တို့ ဖြစ်ပြီး Dae Reh ရဲ့ လက်ထဲမှာ သေနတ် တလက်ကို တွေ့ရှိရပါတယ်။

ရဲတပ်ဖွဲ့က ဒါဟာ လူသတ်မှုနဲ့ ကိုယ့်ဘာသာ သေကြောင်း ကြံစည်မှု အဖြစ် ယူဆထားပေမယ့် ဖခင် ဖြစ်သူက ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိသေးပါဘူး။ ကျန်ရစ်တဲ့ အသက် ၁၇ နှစ် အရွယ် သားဖြစ်သူ Sha Reh ကတော့ ဦးခေါင်းပြင်းထန် ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပြီး စကားပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

မိသားစုတွင်းမှာ အရင်က အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် တခြား ဖြစ်ရပ်တွေ သတင်းပို့တိုင်ကြားတာမျိုး မရှိခဲ့ဖူးဘူးလို့ ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ အဲဒီ မိသားစုကို ဆက်သွယ်လို့ မရလို့ ဆွေမျိုးတဦးက ရဲကို အကြောင်းကြားခဲ့လို့ တနင်္လာနေ့ညမှာ ရဲတပ်ဖွဲ့က အိမ်ကို သွားရောက်ကြည့်ခဲ့ပေမယ့် တစုံတရာ အရေးပေါ် အခြေအနေ မတွေ့ခဲ့ရလို့ အိမ်ထဲ မဝင်ခဲ့ဘူးလို့ ပြောပါတယ်။ နောက်တရက် အင်္ဂါနေ့ကျမှာ ဆွေမျိုး ဖြစ်သူက အိမ်ကို သွားရောက်ခဲ့ချိန်မှာတော့ ကားဂိုဒေါင်ထဲမှာ ဦးခေါင်း ဒဏ်ရာနဲ့ ရှာရီးကို Sha Reh တွေ့လို့ ရဲကိုဖုန်းဆက်ခေါ်ခဲ့ပြီးနောက်မှာ အိမ်အတွင်းမှာ အလောင်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိသားစုဟာ ကရင်နီလူမျိုးတွေ ဖြစ်ပြီး ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုကတဆင့် လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ပြောင်းရွှေ့ အခြေချလာသူတွေ ဖြစ်တယ်လို့ ဆွေမျိုးတွေကိုကိုးကားပြိး အမေရိကန် မီဒီယာတွေမှာ ဖော်ပြပါတယ်။ လက်ရှိ အချိန်မှာတော့ ဆွေမျိုးအသိုင်းအဝန်းက ဦးခေါင်း ဒဏ်ရာနဲ့ ကျန်ရစ်တဲ့ သား ဖြစ်သူ ရှာရီးရဲ့ ဆေးကုသစရိတ်နဲ့ ပညာရေးအတွက် ရန်ပုံငွေ ရှာဖွေ ကူညီမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

Utah အမှုဟာ အခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စု မှာ ဖြစ်ပွားခဲ့တဲ့ ၃၈ ကြိမ်မြောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ FBI ရဲ့ သတ်မှတ်ချက် အရ လူသတ်သမား မပါဝင်ဘဲ ၂၄ နာရီအတွင်း လူလေးဦး သို့မဟုတ် ဒီထက်ပိုပြီး သေဆုံးရတဲ့ ဖြစ်ရပ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး ဒီနှစ်အတွင်း အနည်းဆုံး လူ ၁၆၅ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အမေရိကန်ရောက် မြန်မာရွှေ့ပြောင်း မိခင်နဲ့ ကလေး သုံးဦး သတ်ဖြတ်ခံရ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG