သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါရောက် မြန်မာတွေရဲ့ ဟာရီကိန်း Idalia အတွေ့အကြုံ


US-CUBA-MEXICO-WEATHER
US-CUBA-MEXICO-WEATHER

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခတ်နေတဲ့ ဟာရီကိန်း Idalia (အီဒါးလီယား) ဟာ ပြင်းအားအဆင့် ၃ အဖြစ်နဲ့ မနေ့ ဩဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နှစ်ပေါင်း ၁၂၅ နှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းလမ်းကြောင်းမှာရှိနေကြတဲ့ မြန်မာနွယ်ဖွားတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဟာရီကိန်း Idalia ဝင်ရောက်မတိုက်ခတ်ခင် အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်နယ် အတော်များများမှာလိုပဲ ဖလော်ရီဒါ ပြည်နယ်မှာလည်း စံချိန်တင် အပူချိန် မြင့်တက်ခဲ့တာကြောင့် ဒီမုန်တိုင်းဟာ တမူထူးခြားပြီး ပြင်းထန်လိမ့်မယ်လို့ မိုးဇလပညာရှင်တွေ ကြိုတင် ခန့်မှန်းထားခဲ့ကြတာပါ။

မုန်တိုင်းဟာ မူလက ခန့်မှန်းထားတဲ့လမ်းကြောင်းထက် ဖလော်ရီဒါပြည်နယ်ရဲ့ အထက်ပိုင်းကို အနည်းငယ်ရွေ့ပြီး ဝင်ရောက်ခဲ့ပေမယ့် Tampa မြို့အနီးတဝိုက်မှာ ဒီရေတက်ပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Tampa မြို့အနီး Port Richey မြို့ ပင်လယ်ကမ်းခြေမှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား ကိုကြည်သာကတော့ သူတို့မြို့မှာ အဆောက်အဦးတွေ ပျက်စီးလောက်တဲ့အထိ လေအရမ်းမတိုက်ခဲ့ပေမယ့် လတ်တလော ရေကြီးနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အဓိကကတော့ လေကတော့ အရမ်းမတိုက်ဘူးဗျ။ မိုးရွာတာတော့ အရမ်းများတယ်။ အခုလောလောဆယ်တော့ ကျနော့်အိမ်နားတော့ Flooding (ရေကြီးနေ) တယ်ခင်ဗျ။ ကျနော်တို့က Port (ဆိပ်ကမ်း) နဲ့၊ ပင်လယ်နဲ့လည်း နီးတယ်။ အောက်မှာထားတဲ့ ကားတွေ ဘီးလောက် မြုပ်နေတယ် ကားတွေကတော့။ ကမ်းစပ်နဲ့နီးတဲ့အခါကျတော့ Red Zone ဆိုပြီးတော့ သူတို့က သတ်မှတ်ထားတယ်။ Flooding (ရေကြီး) နိုင်တဲ့ Evacuation Zone (ဘေးကင်းရာ ရွေ့ပြောင်းပေးရမယ့်နေရာ) ဆိုပြီးတော့ သူတို့က သတ်မှတ်ထားတယ်။”

Tampa မြို့မှာ နေတဲ့ တခြား မြန်မာနွယ်ဖွားတဦးဖြစ်သူ ကိုအောင်မြတ်သူကတော့ မုန်တိုင်းဟာ သူတို့နေရာကို မနက် ၇ နာရီခွဲလောက်မှာ စတင် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်မှာ လေတိုက်တယ်၊ မနက်အစောကြီး။ အရင် မုန်တိုင်းအနံ့မျိုးပေါ့။ မိုးရော၊ လေရော သွားတာ တွေ့တယ်။ ကျနော်တို့ဘက် Tampa က အဖျားပဲ သွားတာကို။ ဒီမှာတော့ ဇုံကခွဲထားတယ်၊ အေ၊ ဘီ၊ စီ ပေါ့နော်။ ဆိုတော့ အေ ဇုံဆိုရင်တော့ မဖြစ်မနေ ပြောင်းရမယ့် ဇုံတွေပေါ့။ St. Petersburg တို့ဘာတို့ဆို မဖြစ်မနေ ပြောင်းရတာပေါ့။ ဘီဇုံ ဆိုလို့ရှိရင်တော့ ကိုယ့်ဆန္ဒနဲ့ကိုယ် ပြောင်းချင်ပြောင်း၊ မပြောင်းချင်နေပေါ့။ အခု ကျနော်နေတဲ့ စီဇုံမှာကျတော့ ပြောင်းစရာ မလိုဘူးပေါ့။ လမ်းပေါ်မှာတော့ ကားတွေဖြတ်တာ မတွေ့သေးဘူး။ ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ တောက်လျှောက် သတင်းပေးနေပဲ။ Shelter (ယာယိရှောင်တိမ်းတဲ့နေရာ) တွေမှာနေဖို့၊ မိုင်အဝေးကြီး မသွားဖို့၊ မိုင် ၁၀၀၊ ၂၀၀ ကျော် မသွားဘဲနဲ့ နီးတဲ့ Shelter မှာ နေလို့ရတယ်ဆိုတဲ့အကြောင်း တောက်လျှောက် သတိပေးတယ်။”

မုန်တိုင်း ကြိုတင် ပြင်ဆင်မှုအနေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ကြိုဝယ်ထားရတယ်လို့ ကိုအောင်မြတ်သူက ဆက်ပြောပါတယ်။

“ဝယ်တော့ ဝယ်ထားတာပေါ့ဗျာ၊ ရေတို့ မီးသွေးတို့ ဘာတို့ကတော့၊ တကယ်လို့ မီးတို့ဘာတို့ ပြတ်လာရင် သုံးလို့ရအောင်လို့။ အခု အဲဒါတွေ ကုန်စုံဆိုင်မှာ မရှိတော့ဘူး။”

Port Richey မြို့က ကိုကြည်သာကတော့ မြန်မာပြည်နဲ့ နှိုင်းယှဉ်လိုက်ရင် အမေရိကန်မှာက ကြိုတင် ပြင်ဆင်မှုအားကောင်းတာကို တွေ့ရတယ်လို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံနဲ့ ဒီမှာ မတူတာကတော့ပေါ့နော်၊ သူတို့က Preparation (ကြိုတင် ပြင်ဆင်မှု) အရမ်းကောင်းတယ်ပေါ့။ ပြီးတော့ ဖလော်ရီဒါတို့ ဘာတို့ကကျတော့ ဒါတွေက အမြဲတမ်း ကြုံတဲ့နေရာဆိုတော့ သူတို့မှာ Alert system (သတိပေးတဲ့ စံနစ်တွေ) ဘာတွေ၊ ဒီမှာ တခုခုဖြစ်ရင်လုပ်ဖို့အတွက် အကုန်လုံးက Team တွေအားလုံး၊ အစိုးရရော ဘာရော အကုန်လုံးက Ready (အဆင်သင့်) လုပ်ထားတယ် ပေါ့နော်။ အဲဒီတော့ တော်ရုံတန်ရုံဆိုရင်တော့ Safe (လုံခြုံမှု) ဖြစ်တယ်လို့တော့ ခံစားရတာပေါ့နော် ဒီမှာနေရတာတော့။”

မုန်တိုင်းနောက်မှာ ပါလာတဲ့ ဒီရေဟာ အခုချိန်မှာ Tampa မြို့ထဲက လမ်းမတွေဆီ တဖြည်းဖြည်း တက်လာနေတယ်လို့ မိုးဇလ ပညာရှင်တွေက ပြောပါတယ်။ Tampa မြို့တော်ဝန် Jane Castor ကလည်း နေ့လည်ပိုင်း ဒီရေထပ်တက်ပြီး လက်ရှိအခြေအနေထက် ပိုဆိုးနိုင်တာကြောင့် သတိ မပေါ့ကြဖို့ သတိပေးထားပါတယ်။

အခု အသံလွှင့်နေတဲ့အချိန်အထိ မုန်တိုင်းဟာ ဝင်ရောက် တိုက်ခတ်နေဆဲဖြစ်တာကြောင့် သေဆုံး ဒဏ်ရာရမှုနဲ့ ပျက်စီး ဆုံးရှုံးမှုအခြေအနေကို မသိရသေးပါဘူး။

မုန်တိုင်းဖြတ်သွားမယ့် လမ်းကြောင်းတလျှောက်က ခရိုင်ပေါင်း ၃၀ က လူ သန်းပေါင်းများစွာကို ဘေးကင်းရာကို ရှောင်တိမ်းနေကြဖို့ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG