ပါကာ နေစူးစမ်းရေးယာဉ်ဟာ သတ်မှတ်ထားတဲ့ နေနဲ့အနီးဆုံးနေရာကို ရောက်သွားပြီဖြစ်ပြီး သူဟာ ပျက်စီးမှုမရှိပဲ အကောင်း ပကတိအတိုင်း ပုံမှန် အလုပ်တွေကို လုပ်နေတယ်လို့ ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ NASA က ကြေညာပါတယ်။ NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake ရဲ့ ရိုက်တာ သတင်းကို ပြောကြားချက်တွေနဲ့ အတူ လူသားတွေရဲ့နေစူးစမ်းရေး ဆိုင်ရာ နောက်ဆုံးအခြေနေ တွေကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကမ္ဘာနဲ့ အနီးဆုံး ကြယ်တပွင့် ဖြစ်တဲ့ နေနဲ့ ပတ်သက်ပြီး နားလည်နိုင်ဖို့ လွှတ်တင်လိုက်တဲ့ ပါကာ နေစူးစမ်းယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က နေမျက်နှာပြင်ကနေ မိုင်ပေါင်း ၃.၈ သန်းအကွာကို ရောက်ရှိခဲ့တာပါ။ သူဟာ နေရဲ့ မျက်နှာပြင်ပေါ်က ကိုရိုနာ လို့ခေါ်တဲ့ အပေါ်ယံ လေထုလွှာထဲမှာ ပျံသန်းခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ သတ်မှတ်နေရာကို ရောက်ပြီဖြစ်ကြောင်း ဒီအာကာသယာဉ်ကနေ အချက်ပြအသံ ပေးပို့တာကို ရခဲ့တယ်လို့ ဒီစူးစမ်းမှုကို ကွပ်ကဲတဲ့ မေရီလန်းပြည်နယ် Johns Hopkins အသုံးချရူပဗေဒ ဌာနက NASA - နေစူးစမ်းရေးဆိုင်ရာ အကြီးအကဲ Dr. Joseph Westlake က ပြောပါတယ်။
" ဒီကနေ့၊ တကယ်တော့ ပြီးခဲ့တဲ့ ည ၁၁ း ၅၀ မှာ Parker စူးစမ်းရေးယာဉ် ဆီက သူ သတ်မှတ်နေရာ ရောက်ပြီဆိုတဲ့ အချက်ပေးသံကို ရပါတယ်။ ဒါဟာ နေနဲ့ အနီးဆုံး နေရာကို ရောက်ဖို့ လူသားတွေ ကြိုးပမ်းတာ အောင်မြင်ပြီဆိုတာ ပြနေတဲ့အပြင် နေနဲ့ အနီးဆုံး နေရာကို ပထမဆုံး အရောက်သွား နိုင်တာလည်း ဖြစ်ပါတယ်။ ဒါဟာ တကယ့်အောင်မြင်မှု ကြီးပါ။ နေရဲ့ အပေါ်ယံ လေထုလွှာ ကိုရိုနာ မှာ ပျံသန်းနိုင်တာ ဖြစ်တဲ့ အတွက် စဉ်းစားကြည့်ရင် တကယ့်ကို အံ့သြစရာပါ။."
ဒါဟာ အလွန်ပူပြင်းတဲ့ နေနားကို လူသားတွေ အရောက် သွားနိုင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အချင်းထက် အဆ တရာ မကကြီးတဲ့ နေဟာ အပူချိန် ၅၅၀၀ ဒီဂရီ စဲလ်ဆီးယပ်စ် ၊ဖါရင်ဟိုက်နဲ့ ဆို ဒီဂရီ ၁ ၁၀၀၀ ဝန်းကျင် ရှိပြီး ကမ္ဘာကနေ မိုင်ပေါင်း ၉၃ သန်းလောက် အကွာမှာ ရှိပါတယ်။ ဒီလောက် ကွာဝေးတဲ့ နေရာကို ရောက်အောင် သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ကို ယူပြီး နေကို အကြိမ်ကြိမ် ပတ် ရာကနေ နေနဲ့ အနီးဆုံး ကို တဖြေးဖြေး ရောက်အောင် သွားရတာ ဖြစ်ပါတယ်။ အခုလို သွားဖို့ ကြိုးစားတဲ့ ပါကာ စူးစမ်းယာဉ် မပျက်မစီး ရှိနေတာကို အခု အချက်ပေးသံကြောင့် အတည်ပြုနိုင်ပြီ လို့လည်း ပြောပါတယ်။
"Parker ယာဉ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နေနဲ့ အနီးဆုံးကို ရောက်သွားတာပါ။ ဒီယာဉ်ကို သူ့ဟာသူ အလိုအလျှောက် လှုပ်ရှားဖို့ လုပ်ထားတဲ့အတွက် သူ့ဟာသူ ပျံသန်းနေတာ ဖြစ်ပြီး အခု သူ့ဆီက အချက်ပေးသံကို ရတာကြောင့် သူ မပျက်မစီးနဲ့ အလုပ်ဆက်လုပ် နေတယ် ဆိုတာကို ကျနော်တို့ကို အတည်ပြုလို့ ရပါပြီ။ မကြာခင်မှာပဲ သူရတဲ့ အချက်လက်တွေကို ဆက်ပို့ပေးတော့မှာမို့ စိတ်လှုပ်ရှားစရာ တွေ ဆက်ပေါ်လာ အုံးမှာပါ။."
၂၀၂၁ ဒီဇင်ဘာလတုန်းတော့ NASA က ၂၀၁၈ မှာ သူတို့ လွှတ်တင် ထားတဲ့ Parker Solar Probe နေစူးစမ်းရေး အာကာသယဉ်ဟာ နေရဲ့ ရောင်ခြည်စက်ဝန်း ထဲကို ရောက်ရှိသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ နေမျက်နှာပြင်ရဲ့ အထက် မိုင် ၈ သန်း အကွာကနေ ဖြတ်သန်းသွား တာဖြစ်ပြီး နေလုံးကြီးမှာ မာကြောတဲ့ မျက်နှာပြင် မရှိပဲ အလွန် ပြင်းထန်စွာ တောက်လောင် နေတဲ့ အပူစွမ်းအင် ေ တွကပဲ နေလုံးကြီး အဖြစ် တည်ရှိနေပြီး သူ့ရဲ့ ဆွဲအားနဲ့ သံလိုက်ဓါတ်တွေ ဖြစ်ပေါ်စေတယ်လို့ နယူးအော်လန်က အမေရိကန် ဘူမိရူပဗေဒ union အစည်းဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ ဒီအကွာအဝေးကနေဘဲ အချက်အလက်တွေရယူ စူးစမ်းနိုင် ပေမယ့်လည်း သိပ္ပံပညာရှင်တွေ ကိုယ်တိုင် နေရဲ့ဘယ်အပိုင်း ဘယ်နေရာလဲ ဆိုတာကို သေခြာမသိနိုင်ဘူးဖြစ်ခဲ့တာပါ။
အခု ပါကာ စူးစမ်းရေးယာဉ်က အချက်လက်တွေ ပြန် ပို့ရင် နေနဲ့ ပတ်သက်ပြီး ပိုနားလည် လာတော့မယ် လို့လည်း ဒေါက်တာ Joe Westlake ကပြောပါတယ်။
သက်ရှိသတ္တဝါတွေ၊ အပင်တွေ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အပူနဲ့ အလင်းရောင်ပေးတဲ့ နေကို သိပ္ပံပညာရှင်တွေ သုတေသန လုပ်နေတာ နှစ်အတော်ကြာနေပါပြီ။ NASA က နေစူးစမ်းရေး အတွက် ၂၀၀၂ ခုနှစ် မတိုင်ခင်က Solar Probe ၂၀၁၀ မှာ Solar Probe Plus လို့ အမည်ပေး ခဲ့တာ ဖြစ်ပြီး ၂၀၁၇ မေလမှာတော့ နေစွမ်းအင်လှိုင်း- solar wind ရှိမယ်လို့ ၁၉၅၈ ခုမှာ ဟောကိန်းထုတ်ခဲ့တဲ့ ထင်ရှားတဲ့ ရူပဗေဒပညာရှင် Eugene Parker ဂုဏ်ပြုတဲ့ အနေနဲ့ Parker Solar Probe လို့ အမည်ပေးခဲ့တာပါ။ ဒီ အာကာသ စူးစမ်းရေး ယာဉ်က သက်ရှိထင်ရှား လူပုဂ္ဂိုလ် တဦးရဲ့ အမည်ကို ပေးထားတဲ့ ပထမဆုံးသော NASA ရဲ့ အာကာသ မစ်ရှင်လည်း ဖြစ်ပါတယ်။
နေကိုစူးစမ်းဖို့ စခဲ့တဲ့ Solar Probe တုန်းက Jupiter - ကြာသပတေးဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူဖို့ စဉ်းစားခဲ့ပေမယ့် အခု Parker ယာဉ် ကတော့ Venus - သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူတာ ဖြစ်ပါတယ်။ ပါကာယာဉ်ဟာ ကီလိုဂရမ် ၂၀၀ လောက်လေးပါတယ်။ လျှပ်စစ်ဓါတ်အား အတွက် ဆိုလာပြားတွေကို သုံးပါတယ်။ နေနဲ့ နီးလာရင် သူတို့ကို ခေါက်သိမ်းထားပြီး ဝေးသွားရင် ဆိုလာပြားတွေကို ပြန်ဖွင့်ပြီး ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေ အလုပ်လုပ်၊ အချက်အလက်တွေ ပြန်ပို့နိုင်ပါတယ်။
NASA က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နေ ရဲ့ ဝန်းကျင်ကို အာကသစူးစမ်းရေးယာဉ် လွှတ်တင်ချင်တာ ဖြစ်ပေမယ့်
နေရဲ့ အပူရှိန်ကနေ အာကာသယာဉ်ကို ကာကွယ်ပေးနိုင်မယ့် နည်းပညာ မရှိ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကွန်ပြူတာ နည်းပညာ၊ အီလက်ထရောနစ် နည်းပညာ တိုးတက်လာတာနဲ့ အတူ သတ္တုဗေဒပညာ တိုးတက်မှုကြောင့် ပေါ့ပါးပြီး အတော်မြင့်မားတဲ့ အပူူချိန်ကို ခံနိုင်ရည်ရှိတဲ့ သတ္တုစပ်တွေ ဖန်တီးနိုင်ခဲ့ပြီး နေစူးစမ်းရေး ခြေလှမ်းတွေ လှမ်းလာနိုင်တာပါ။
" ပါကာယာဉ်ဟာ အလိုအလျှောက် မောင်းနှင်ဖို့ ပရိုဂရမ် ထည့်ထားတာ ဖြစ်ပြီး နေရှိရာ ဘက်မှာ ယာဉ်ထဲက အပူကာဒိုင်းကို အမြဲရှိနေအောင် လုပ်ထားပါတယ်။ ဒါက ဒီ အပူကာဒိုင်းရဲ့ တဘက်မှာ အပူချိန် ဖာရင်ဟိုက် ၂၅၀၀ ဒီဂရီလောက် ရှိနေ ပေမယ့် သူ့တခြားဘက်မှာ ၈၅ ဒီဂရီလောက် ရှိအောင် လုပ်ထားတဲ့ သဘောပါ။ တဖက်မှာ မခံနိုင်အောင် ပူနေပေမယ့် တဖက်ကတော့ နေသာတဲ့ နေ့လိုပေါ့။ ဒီလိုလုပ်မှ ယာဉ်ထဲက စက်ပစ္စည်းနဲ့ တခြားပစ္စည်း တွေ အေးခဲမသွားပဲ နွေးနေမှာ ဖြစ်သလို သူ့ကို သိပ်ပြီးလည်း ပူ - မနေအောင် စီစဉ်ထားပါတယ်။ ပါကာယာဉ် နေကို ဖြတ်ချိန်မှာ ဒီအတိုင်း ရှိနေအောင် လုပ်ရပါတယ်။ ဒါက တစက္ကန့်ကို မိုင် ၄ သိန်း ၃ သောင်းနှုန်းနဲ့ ပျံနေတဲ့ ယာဉ် အတွက် လုပ်ရတာမျိုးပါ။ ဒီ အမြန်နှုန်းက လူလုပ် ယာဉ်ထဲမှာ အမြန်ဆုံး နှုန်းလည်း ဖြစ့်ပါတယ်။."
ဒီ စူးစမ်းရေးယာဉ် မှာ နေက ထုတ်လွှတ်တဲ့ solar wind နေစွမ်းအင်လှိုင်းတွေ၊ X- ray ရောင်ခြည်၊ ကော့စမစ် ရောင်ဖြည်တွေ ဖျက်ဆီးလို့ မရတဲ့ CMOS ကင်မရာကို တပ်ထားသလို ဆက်သွယ်ရေးနဲ့ တိုင်းတာစက်မျိုးစုံလည်း ဆင်ထားတာပါ။ Dr Westlake ကတော့ ဒီယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားနိုင်ခြေ ရှိပေမယ့် သူတို့အဖွဲ့က NASA အင်ဂျင်နီယာတွေက ပြန်ရအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ် လို့လည်း ပြောပါတယ်။ မကြာခင် ရက်တွေ အတွင်း ပါကာ စူးစမ်းယာဉ် ဆီက ပြန်ပို့မယ့် အချက်လက်တွေကို အားလုံးက စောင့်မျှော်နေတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Forum