တောင်ကိုရီးယားနိုင်ငံမှာ စွပ်စွဲ ပြစ်တင်ခံနေရတဲ့ သမ္မတ ယွန်းဆွပ်ယိုး (Yoon Suk Yeol)ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုးလ်မြို့တော်က သမ္မတအိမ်တော်မှာ ထိန်းသိမ်းခံရပြီးနောက်မှာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ တရားဝင် ဖမ်းဆီး ခံခဲ့ရပါတယ်။ ဆိုးလ်မြို့တော် အနောက်ပိုင်းခရိုင်တရားရုံးက နာရီများစွာ ကြားနာပြီးနောက်မှာ သက်သေ အထောက်အထားတွေကို ဖျက်ဆီးနိုင်ခြေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ "ယွန်း"ကို ဖမ်းဆီးနိုင်ဖို့ ဆိုးလ် အနောက်ပိုင်းခရိုင်တရားရုံးက ခွင့်ပြုပေးလိုက်ကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။
အခုလို တရားဝင် ဖမ်းဆီးခံရတာက လပိုင်း ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်တဲ့ ချုပ်နှောင်ထားနိုင်တဲ့ အစပြုမှုတခုဖြစ်ပါတယ်။ သူဟာ အရင်လက စစ်အုပ်ချုပ်ရေးကြေညာခဲ့မှု အတွက် ထောင်ချခံရမယ့် အရေး ရင်ဆိုင်နေရတာပါ။
အဆင့်မြင့်အရာရှိများအတွက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနက ဦးဆောင်ပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်လည်း ပါဝင်တဲ့ ပူးတွဲ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ယွန်းကို ရက်ပေါင်း ၂၀ သက်တမ်းတိုး ဖမ်းဆီးထားနိုင်မှာ ဖြစ်ပြီး အဲဒီအတောအတွင်းမှာ အမှုတင်ဖို့ အစိုးရရှေ့နေတွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ယွန်းရဲ့ ရှေ့နေတွေဘက်ကတော့ တရားရုံးရဲ့ ဖမ်းဝရမ်းကို ချေဖျက်ဖို့ စာ ပြန်လည်တင်သွင်း နိုင်ပါတယ်။
ယွန်း(Yoon)ကို အခုလို တရားဝင် ဖမ်းဆီးမယ့် ဆုံးဖြတ်ချက်ကြောင့် တရားရုံးရှေ့မှာ ဆူပူအုံကြွမှု ဖြစ်ခဲ့ပြီး ထောက်ခံသူတွေက တရားရုံးရဲ့ ပင်မတံခါးနဲ့ ပြတင်းပေါက်တွေကို ဖျက်ဆီးခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ပလပ်စတစ်ထိုင်ခုံတွေ အပြင် ရဲတပ်ဖွဲ့ဝင်တွေဆီက လုယူထားတဲ့ ရဲဒိုင်းတွေကို အသုံးပြုခဲ့ကြပါတယ်။ တချို့ဟာ တရားရုံးအတွင်း စင်္ကြံလမ်းအထိ ရောက်လာခဲ့ပြီး သူတို့ဟာ ပစ္စည်းတွေ ပစ်ပေါက်တာ၊ မီးသတ်ဆေးဘူးတွေ အသုံးပြုတာကို တွေ့မြင်ရပါတယ်။
အဓိကရုဏ်းနှိမ်နင်းဖို့ ရာနဲ့ချီတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တရားရုံးမှာ ချထားခဲ့ရပါတယ်။ လူဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့သလို ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် တချို့ကို အရေးပေါ်လူနာတင်ယာဉ်တွေအပေါ်မှာ ကုသပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။ တရားရုံးဝန်ထမ်းတွေထဲက ထိခိုက်ဒဏ်ရာရရှိမရှိဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
Forum