လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံ အရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတ Trump က ကုလ အမြဲတမ်း သံအမတ်ကြီးအဖြစ် အဆိုပြုခံရသူ အောက်လွှတ်တော်အမတ် Elise Stefanik က ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံ အရေးကိစ္စဟာ ဦးစားပေး ဆောင်ရွက်ရမယ့်ထဲမှာ ပါပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံး ရပ်တည်ခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့တာလည်း ကျေးဇူးတင်စရာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာ ဦးစားပေး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။”
ဇန်နဝါရီ ၂၁ရက်နေ့ အထက်လွှတ်တော်ကြားနာပွဲမှာ အထက်လွှတ်တော်အမတ် Tammy Duckworth က မြန်မာ့အရေးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သူက အခုလို ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်တာ၊ အာဆီယံကလည်း မြန်မာ့အရေး ဘုံသဘောထား ၅ချက် ချမှတ်တာ၊ စစ်ကောင်စီကို အရေးယူ ပိတ်ဆို့ဒဏ်ခတ်တာတွေ ရှိခဲ့ပေမယ့်လည်း မြန်မာ့အကျပ်အတည်းက အဆုံးမသတ်နိုင် ဖြစ်နေရတယ်လို့ အထက်လွှတ်တော်အမတ် Tammy Duckworth က အဲဒီ ကြားနာပွဲမှာ ပြောပါတယ်။
ကုလသံအမတ်ကြီး အဆိုပြုခံရသူ Elise Stefanik ကတော့ မြန်မာ့အရေးကို အာဆီယံနဲ့ Quad လို့ ဒေသတွင်းအဖွဲ့တွေ၊ ထိုင်းလို မိတ်ဖက်နိုင်ငံတွေနဲ့ ကိုင်တွယ်သွားမယ်လို့ ပြောပါတယ်။ Elise Stefanik ဟာ အောက်လွှတ်တော်အမတ်အဖြစ်နဲ့ ထိုင်း အပါအဝင် ဒေသတွင်း နိုင်ငံတွေကို သွားရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးကို အမေရိကန် ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီနဲ့ သူ့အနွယ်တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားသလို တဖက်မှာ ကုလသမဂ္ဂက တဆင့် နိုင်ငံစုံပါတဲ့ ချဉ်းကပ်မှုနဲ့ ကိုင်တွယ်နေတာဖြစ်ပါတယ်။
Forum