သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလပဋိညာဥ်အတိုင်း မြန်မာကိုအရေးယူဖို့ အရပ်ဖက်အဖွဲ့ ၅၀၀ ကျော်တောင်းဆို


ကန့်ဘလူ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu
ကန့်ဘလူ မြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ (ဒီဇင်ဘာ ၆၊ ၂၀၂၂/Photo: CJ) Kanbalu


ဧပြီ ၁၇။ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

အရပ်သားတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့အပါအဝင် မြန်မာ့အရေးအဖြေရှာဖို့အချက်တွေပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အကောင်အထည်ပေါ်လာရေးအတွက် ကုလပဋိညာဥ်စာချုပ် အခန်း ၇ ပါအတိုင်း ကိုင်တွယ်ဆောင်ရွက်ဖို့ မြန်မာနဲ့ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း ၅၀၀ ကျော်က လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။

ကုလပဋိညာဥ်စာချုပ် အခန်း (၇) ကတော့ နိုင်ငံတကာငြိမ်းချမ်းရေးချိုးဖောက်မှုအတွက် စစ်ရေးအပါအဝင် အရေးယူဆောင်ရွက်မှုတွေကို ညွှန်းဆိုထားပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆိုတဲ့အရေးယူမှုတွေမှာ မြန်မာစစ်ကောင်စီကို စီးပွားရေးအရ ပစ်မှတ်ထားဒဏ်ခတ်ဖို့၊ လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့မှုတားမြစ်ဖို့၊ မြန်မာနိုင်ငံက ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ဒါမှမဟုတ် သီးခြားနိုင်ငံတကာတရားရုံးတရပ်ဖွဲ့ပြီး စစ်ဆေးအရေးယူဖို့ဆိုတာတွေ ပါဝင်ပါတယ်။

ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုအပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီအစည်းအဝေး အရေးတကြီးခေါ်ယူခဲ့တာကိုလည်း ကြိုဆိုတယ်လို့ အရပ်ဖက်အဖွဲ့ ၅၀၀ ကျော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာစစ်ကောင်စီဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာဖို့ ငြင်းဆန်နေတာမို့ ကုလ ပဋိညာဥ်သဘောတူညီချက်အတိုင်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေယူဖို့ တိုက်တွန်းထားတာလို့ဆိုပါတယ်။

ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု​ကြောင့် ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် လူ ၁၆၈ ဦးသေဆုံးတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒါဟာ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ရမယ်ဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်သလို အဲဒီ ဆုံးဖြတ်ချက်ထွက်ပြီးကတည်းက စစ်ကောင်စီက အကြမ်းဖက်မှုတွေ ပိုကျူးလွန်လာတယ်လို့လည်း ထောက်ပြထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လိပ်မူပို့တဲ့ ဒီစာမှာ အထင်ကရ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အခြား ဒေသတွင်း အဖွဲ့အဝင်တွေ အပါအဝင် စုစုပေါင်း ၅၄၆ ဖွဲ့လက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။

ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒါဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ စစ်ကောင်စီဘက်က ချေပထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG