ပနားမား တူးမြောင်းကို အမေရိကန် ပြန်ရဖို့နဲ့ နိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းလာမှုတွေ တားဆီးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေချိန်မှာပဲ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ ပနားမားနဲ့ တခြား အမေရိကတိုက် အလယ်ပိုင်းဒေသတွင်း နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်နေပါတယ်။
ဝန်ကြီး ရူဘီရိုဟာ ပနားမား၊ ဂွါတီမာလာ၊ အယ်ဆာဗေဒို ၊ ကော့စတာ ရီကာ နဲ့ ဒိုမီနီကန် ရီပတ်ဘလစ် နိုင်ငံတွေကို လာမယ့် သီတင်းပတ် နှောင်းပိုင်းမှာ စတင်သွားရောက်ဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Tammy Bruce က အတည်ပြုခဲ့တာ ဖြစ်ပြီး ဒါဟာ နိုင်ငံခြားရေးဝန်ကြီး တာဝန်နဲ့ ပထမဆုံး သွားရောက်မယ့် နိုင်ငံခြား ခရီးစဉ်လည်း ဖြစ်လာမှာပါ။
ဝန်ကြီး ရူဘီရိုဟာ အနောက်ကမ္ဘာခြမ်းနဲ့ ဦးစားပေး ထိတွေ့ဆက်ဆံဖို့ လုပ်မယ့်အပြင်၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုဟာ ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး၊ ကုန်စည် စီးဆင်းမှုနဲ့ စီပွါးရေးတိုးတက်မှု တွေအတွက် အရေးပါတာကြောင့် ဒါဟာ အမေရိကန် အင်အားခိုင်မာရေး၊ ကြွယ်ဝရေးနဲ့ လုံခြုံမှုရှိရေး ဦးစားပေးမယ့် သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒအရ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောခွင့်ရက VOA ကို ပြောပါတယ်။
ပနားမား တူးမြောင်း ကို အမေရိကန် ပြန်ထိန်းချုပ် နိုင်ရေးအတွက် စစ်ရေး ဒါမှမဟုတ် စီးပွါးရေးအရ ကိုင်တွယ်ဖို့ သမ္မတထရမ့်က လုပ်ဆောင်လာနိုင်ခြေ ရှိနေတာပါ။ ဝန်ကြီး ရူဘီရို ဒီသီတင်းပတ် အစောပိုင်းမှာ ချပြခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဦးစားပေးချက်တွေ ထဲမှာတော့ အမေရိကန်နိုင်ငံတွင်း တရားမဝင် ရွှေ့ပြောင်းသူတွေ အလုံးအရင်းနဲ့ ဝင်လာမှုကို တားဆီးဖို့ ပါဝင်ပါတယ်။ အမေရိကန် အနေနဲ့ အထူးသဖြင့် အနောက်ကမ္ဘာခြမ်း နိုင်ငံတွေနဲ့ သံတမန်ရေး ဆက်ဆံရာမှာ တရားမဝင်လာသူတွေ အမေရိကန် နယ်စပ်ကိုမဖြတ်ကျော်ရေးနဲ့ တရားမဝင် လာသူတွေ နေရပ်ပြန်ပို့ရေး ဆိုင်ရာ ညှိနှိုင်းမှုတွေကို လုပ်ဖို့ ဦးစားပေးမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီရိုက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Forum