ပြည်ပကိုထွက်ပြီး အလုပ်လုပ်မယ့်သူတွေကို ကန့်သတ်တာတွေ ပြည်တွင်းမှာ တဖြည်းဖြည်း များလာပေမဲ့လည်း ဂျပန်နဲ့ တောင်ကိုရီးယားကတော့ မြန်မာအလုပ်သမား အများအပြားကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အခုရက်ပိုင်းထဲမှာ ဂျပန်က မြန်မာဘက်ကို အလုပ်ခေါ်စာတွေ ကမ်းလှမ်းထားပြီး ကိုရီးယားကလည်း နှစ်စဉ်ခေါ်ယူတဲ့ အချိုးအစားအတိုင်း ဆက်ပြီး ခေါ်ယူဖို့ ရှိနေပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ပြည်ပအလုပ်သမား ၁၃၀,၀၀၀ နီးပါးကို အလုပ်သမား ဗီဇာ (E-9) နဲ့ အခု ၂၀၂၅ ထဲမှာ ခေါ်ယူသွားမယ်လို့ ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒါက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ လျာထားချက် ၁၆၅,၀၀၀ ဆိုတဲ့ပမာဏထက် လျော့နည်းသွားတာ ဖြစ်ပါတယ်။
နိုင်ငံအလိုက်ရတဲ့ အချိုးအစားအရ ၂၀၂၄ ထဲမှာ မြန်မာအလုပ်သမား ၉,၉၀၀ ကျော်ကို ကိုရီးယားကို စေလွှတ်ခဲ့တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် အေဂျင်စီ POEA က ထုတ်ပြန်ခဲ့ပါတယ်။ အခုနှစ်ထဲမှာလည်း ကိုရီးယားဘာသာစကား ကျွမ်းကျင်စာမေးပွဲ (EPS) ကို အောင်မြင်ထားတဲ့ မြန်မာအလုပ်သမား ၁၀,၀၀၀ နီးပါးလောက် စေလွှတ်နိုင်မယ်လို့ မှန်းထားကြောင်း ကိုရီးယား ဘာသာစကားနဲ့ လုပ်ငန်းမွမ်းမံ သင်တန်းကျောင်းတွေက ခန့်မှန်းထားကြပါတယ်။ ဦးမင်းမောင် သင်တန်းကျောင်းက အခုလိုပြောပါတယ်။
"ခေါ်နိုင်ခြေ အဲလောက်တော့ မှန်းပါတယ် ကျနော်တို့လည်းပဲ။ အောင်ထားတဲ့သူက လက်ကျန်လည်း လက်ရှိ ပအသုတ်အောင်တာရယ် နောက် ဒုအသုတ်ကတော့ လိုပါသေးတယ်၊ ၂လပိုင်းကနေ ခြောက်လပိုင်းဆိုတော့ သူ့လုပ်ငန်းစဉ်က ၈ လပိုင်းမှဆိုတော့ နှစ်ကုန်လောက်မှ မျှော်လင့်လို့ရမှာ။ အဲဒီတော့ ပအသုတ်နဲ့ ရှေ့က ၁၄ ကြိမ်သမားတွေ၊ ၁၅ ကြိမ်၊ ၁၆ ကြိမ် အဲဒါတွေကတော့ အဓိကပေါ့။ အဲဒီတော့ ဟိုဘက်မှာ မိန်းကလေး ဝန်ဆောင်မှုကလည်း စပြီး ပထမဦးဆုံး စေလွှတ်တဲ့သူတွေကလည်း ကောင်းမယ်ဆိုရင် နောက်လည်း အလားအလာ ပိုကောင်းမယ်ပေါ့။ ဟိုမှာရောက်နေတဲ့သူက သူဌေးတွေက မြန်မာကို အကြိုက်များမှလည်း ဒီ ၁၀,၀၀၀ ဆိုတာ တိုးခေါ်တာကို မျှော်လင့်လို့ရမှာ။"
EPS အောင်မြင်ထားတဲ့ မြန်မာအမျိုးသမီး အများအပြားကို အခုလာမယ့် မတ်လမှာ ခေါ်ယူသွားနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ကိုရီးယားမှာ အလုပ်စာချုပ် ပြည့်သွားပေမယ့် နေရပ်ကို ပြန်မလာချင်တဲ့အတွက် သက်တမ်းတိုးပြီး ဆက်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုက အခုလိုပြောပါတယ်။
"အဲဒီဘက်မှာ သက်တမ်းတိုးနဲ့ နေတော့လည်း ဒီဘက်က အသစ်တွေမှာလည်း နည်းနည်းတော့ ဟိုဟာဖြစ်တာပေါ့။ ဒါပေမဲ့ အရမ်းကြီးတော့ မပြောလိုဘူးပေါ့နော်။ ဒါကတော့ ဟိုဘက်မှာလည်း အခြေအနေ အကြောင်းကြောင်းကြောင့် ဒီဘက်ပြန်မလာဘဲ သက်တမ်းတိုးနေတာတွေ ရှိတာပေါ့။ ဒီဘက်ကလည်း (EPS) ဖြေပြီးလို့ အောင်ပြီးလို့ ခေါ်စာစောင့်နေရတဲ့ သူတွေကလည်း အများကြီးဖြစ်နေတာ အခြေအနေက။"
ပတ်စ်ပို့သက်တမ်းကုန်လို့ တရားမဝင်ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားတွေကို လက်ရှိမှာ အတင်း အကျပ် ပြန်ပို့မှာမဟုတ်ကြောင်း ကိုရီးယား တရားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၆ရက်က ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မြန်မာအလုပ်သမားတွေကို အများဆုံးခေါ်ယူတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါပါတယ်။ ဂျပန်ကုမ္ပဏီပေါင်း ၄၀၀ လောက်ကလည်း မြန်မာအလုပ်သမား ၁,၁၀၀ လောက်ကို ခေါ်ယူသွားဖို့ ရှိတယ်လို့ စစ်ကောင်စီ နစကရဲ့ နိုင်ငံခြားရေးဌာနဘက်က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ ဂျပန်လုပ်ငန်းတွေကနေ ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၄၅၀ ကျော်ရဲ့ အချက်အလက်တွေကို မြန်မာ အလုပ်သမားရေးဌာနက စိစစ်နေတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Forum