စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းအတွင်း မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အကြောင်း ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီ ဝန်းကျင်လောက်ကတည်းက ကလေးတောင်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံး ၁၆ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက ဆည်တော၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ မှန်တောနဲ့ ရှားဖို စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက်၊ စနေ့နေ့ ညပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ဝဲပျံပြီး ဗုံးတလုံး ကြဲချခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မနက် ၅ နာရီမှာတော့ Y12 လေယာဉ်နဲ့ ဗုံး ၁၆ လုံး ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပထမဆုံးကတော့ သူတို့ ဂျက်ဖိုက်တာနဲ့ ပထမဆုံးလာပြီးခါမှ တလုံးကြဲသွားတယ်။ နောက်နေ့ကျတော့ ကျွန်တော်တို့က မနေ့ကပေါ့၊ Y12 နဲ့ လာကြဲသွားတယ်ဗျ။ Y12 နဲ့ ကြဲသွားတာ ဗုံးသီးက ၁၆ လုံးပါတယ်ဗျ။ ၁၆ လုံး ကြဲသွားတာဗျ၊ ကျွန်တော်တို့ မှတ်မှတ်မိမိ၊ ၃ လုံးတွဲ ၃ လုံးတွဲတွေ ကြဲသွားတာဗျ၊ ဒီမှာ ရှားဘိုကျတော့ နောက်ဆုံးအနေနဲ့ သူတို့ ၁ လုံး ကြဲသွားတယ်ဗျ။ ထိခိုက်တာတော့ ၂ ယောက်ထိခိုက်တယ်ဗျ။”
တနင်္ဂနွေနေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ၂ ယောက်က စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ကလေးနယ်တောင်ပိုင်း တင်သားကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းက ကျေးရွာတချို့ကို လာရောက် ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံးက ကုက္ကိုကို ကြဲသွားတယ်ဗျ။ နောက် ၁ ရက်နေ့ကျတော့ တခါ တင်သားကို ပြန်ကြဲတယ်ဗျ။ နောက်ဆုံးတခေါက်ကျတော့ သူတို့က ဒိုးနွယ်နဲ့ အရှေ့စည်း သင်္ချိုင်းကြားကို ကြဲသွားတယ်ဗျ။ ၃၁ ရက်နေ့ရယ်၊ ၁ ရက်နေ့ရယ်၊ ၂ ရက်နေ့ရယ် ဆက်တိုက်ကြဲသွားတာက မြစ်အရှေ့ဘက်ကမ်းကို ကြဲသွားတာဗျ။ ၃၁ ရက်နေ့က အားလုံးက ဒဏ်ရာရတာက ၁၅ ယောက်၊ ကျဆုံးတာက ဗိုက်ထဲက ကလေးပါအပါဆိုရင် ၉ ယောက်ဗျ။”
ဒီလို ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာတချိုု့က ဒေသခံတွေ စစ်ဘေးရှောင်ကြရသလို ထပ်မံတိုက်ခိုက်ခံရတဲ့နေရာ အနီးတဝိုက်မှာရှိကြတဲ့ စစ်ရှောင်တွေကလည်း နောက်ထပ် နေရာတခုကို ထပ်ပြီး ရွေ့ပြောင်းနေကြရတယ်လို့ ပြောပါတယ်။
“ခုတကြိမ်မှာကတော့ ကျွန်တော်တို့က ရှားဖိုရယ်၊ တင်သားရယ်၊ ကျောက်ဖူးရယ်၊ ဒီ ကျွန်တော်တို့ ကုက္ကို၊ ရှားတော အဲ့ဘက်တွေကတော့ အကုန်လုံး စစ်ဘေးရှောင်ကြတယ်ဗျ။ ရွာလုံးကျွတ်ပဲ ရှောင်ကြရတယ်ဗျ။ အင်းကျွန်းတို့၊ ကျောက်ဆည်တို့၊ ဟံသာဝတီတို့ ခုက သူတို့က အဲ့က စရှောင်လာကြတာက ကျောက်ဆည်၊ အင်းကျွန်း၊ ဟံသာဝတီက (စစ်ရှောင်တွေက) ခု ထပ်ပြီးတဆင့် ပြန်ရှောင်နေရပြန်တယ်ဗျ။”
ကလေးနယ်တောင်ပိုင်းမှာ အပြန်အလှန်တိုက်ခိုက်တဲ့တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်တွေက ရက်ဆက်ဆိုသလို လာရောက် ဗုံးကြဲနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျေးရွာပေါင်း အနည်းဆုံး ၁၀ ကျော်က ဒေသခံ ၃၀,၀၀၀ ဝန်းကျင်လောက်ဟာ တောတောင်တွေအတွင်း ပြေးလွားနေထိုင်ရင်း စစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။
ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာအပြင် နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာမျိုးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ဘယ်သူပဲထိထိ ဆိုတာမျိုး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်း ဒေသအတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက် နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။
Forum