သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်းက စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ အမိုးအကာ အရေးပေါ်လိုအပ်နေ


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ
credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်းပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ဟာ နေထိုင်ရေးအတွက် အမိုးအကာတဲလေးတွေ လိုအပ်နေသလို စားသောက်ရေးအတွက် ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။ ဒီလူတွေဟာ ဧပြီ ၉ ရက်နေ့က ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ကြုံခဲ့သူတွေ ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်နေတာကြောင့် နီးစပ်ရာ ကျေးရွာ ၂ ရွာက ဒေသခံ ၃,၀၀၀ ဝန်းကျင်လောက် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတာကြောင့် စားသောက်ရေးအတွက် ရိက္ခာနဲ့ နေထိုင်ဖို့ မိုးကာတဲတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက ခုလိုပြောပြပါတယ်။

“ဧပြီလ ၉ရက်နေ့လောက်က တိုက်ပွဲဖြစ်တယ်ပေါ့၊ တောင်ပိုင်းမှာပေါ့နော။ အဲ့နားက ရွာ ၂ ရွာက စစ်ရှောင်လိုက်ရတယ်ပေါ့နော်၊ စစ်ရှာင် ဦးရေက ၃၀၀၀ လောက်ရှိတယ်။ အဓိကက စားနပ်ရိက္ခာနဲ့ မိုးကာပေါ့နော်၊ အဲ့ဒါတွေကတော့ အဓိက လိုအပ်နေတာပေါ့။ စားနပ်ရိက္ခာနဲ့ သူတို့ကို နေရာထိုင်ခင်း စီစဉ်ပေးနိုင်ဖို့ မိုးကာတွေပေါ့ အဲ့ဒါတွေ အဓိက လိုအပ်နေတာပေါ့။ ဆေးဝါး ဘာညာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ စောင့်ရှောက်မှုတော့ ပေးထားနိုင်သေးတာပေါ့။ စားနပ်ရိက္ခာနဲ့ မိုးကာကတော့ ခုချိန်ထိ မပေးနိုင်သေးဘူးပေါ့။ မိုးကာအရေအတွက်ကတော့ များလေကောင်းလေပဲ။ အရေအတွက် သတ်မှတ်ရတာတော့ ခက်တာပေါ့။ ဘာလို့လဲဆိုတော့ စစ်ရှောင်အရေအတွက်က ဒီထက် တိုးလာနိုင်မလား၊ လျော့သွားမလားဆိုတာတော့ အတိအကျ မသိရနိုင်သေးဘူးပေါ့နော်၊ တိုက်ပွဲ အခြေအနေတွေကြောင့်လေ။”

ကလေးမြို့နယ်တခုလုံးမှာ စစ်ဘေးရှောင်အရေအတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံက ပြောပါတယ်။ ကလေးဒေသက စစ်ရှောင်တွေအတွက် အကူအညီလိုအပ်တာတွေ များပေမယ့် လုံလောက်အောင် ထောက်ပံ့ ကူညီနိုင်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

“ကလေးဒေသအတွင်းကတော့ ခုလိုစစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တော့ တော်တော်ကြီးတယ်ပေါ့နော်။ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေက အစပေါ့။ အများကြီး အခက်အခဲ ကြုံကြရတယ်ပေါ့နော်။ ကျွန်တော်တို့ ထင်သလောက် အကူအညီမျိုး သိပ်ပြီးတော့ ရတာမျိုးလည်း မရှိဘူးပေါ့။. ကျွန်တော်တို့ ပုံမှန်ပဲ အလှူခံတယ်။ အလှုခံတာနဲ့ပဲ ကျွန်တော်တို့ ဆက်သွားတယ်ပေါ့နော်။ အလှုခံ ရတာလေးတွေကိုပဲ ပြန်ဖြန့်တယ်ပေါ့၊ အဲ့လိုပုံစံလေးနဲ့ပဲ ကျွန်တော်တို့ သွားဖြစ်တယ်ပေါ့။ လိုအပ်ချက်ကတော့ ပြည့်စုံတယ်လို့တော့ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ တနေရာတည်းတော့ မဟုတ်ပါဘူး။ တခြားဒေသက စစ်ဘေးရှောင်တွေလည်း အားလုံး အတူတူပဲလို့ ထင်ပါတယ်။”

ကလေးဒေသက စစ်ဘေးရှောင်တွေအတွက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကူညီထောက်ပံ့ပေးနေတာတွေ ရှိတယ်လို့ စစ်ရှောင် ကူညီပေးသူတွေက ပြောပါတယ်။

ကလေးဒေသဟာ စစ်ရေးအရ တက်ကြွတဲ့ ဒေသတခုဖြစ်နေပြီး ဒေသခံတွေ စစ်ဘေးရှောင်ရာ နေရာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို စစ်ကြောင်းထိုးလာတာတွေ ရှိတတ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် စစ်ရှောင် စခန်းအတည်တကျ မလုပ်နိုင်ကြဘဲ တောထဲမှာပဲ စစ်ရှောင်ကြရတာဖြစ်တယ်လို့လည်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ကတနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG