ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဒီလမကုန်ခင်အထိ ဘုရားသုံးဆူမြို့ကနေ အမြန်ဆုံးထွက်ခွာဖို့နဲ့ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ ဘုရားသုံးဆူမြို့ခံတွေကတော့ တရုတ်လူမျိုးတွေကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားရေးအပေါ် ထိခိုက်ရတဲ့အကြောင်း ပြောဆိုနေကြပါတယ်။ ဒါပေမဲ့လည်း တရုတ်လူမျိုးတွေ အလွယ်တကူ ထွက်ခွာသွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီး သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီအကြောင်း ဘုရားသုံးဆူကနေ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ ဘုရားသုံးမြို့အတွင်းမှာ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ အခြေချပြီး လာရောက်လုပ်ကိုင်တာ မရှိဖို့၊ ထိုင်းနိုင်ငံဘက်က အရင်အတိုင်း လျှပ်စစ်မီးနဲ့ လောင်စာဆီတွေ အမြန်ဆုံး ပြန်လည်ပေးပို့စေဖို့အတွက် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ (DKBA) ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်က တနင်္ဂနွေနေ့က သတိပေး ထုတ်ပြန်ထားပါတယ်။
တရားမဝင် စားသောက်ကုန် ရောင်းချတဲ့ တရုတ်လူမျိုးတွေ၊ ကက်စီနို လောင်းကစားနဲ့ ဂိမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ဖေဖေါ်ဝါရီလမကုန်ခင် ဘုရားသုံးဆူမြို့ကနေ အမြန်ဆုံးထွက်ခွာဖို့၊ လိုက်နာမှုမရှိရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့အတွင်း တရုတ်နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်မှု မရှိစေဖို့ ထိရောက်စွာ ပိတ်ပင် တားမြစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းကြောင့် ထိုင်းအစိုးရက လျှပ်စစ်မီးနဲ့ စက်သုံးဆီတင်ပို့တာတွေ ဖြတ်တောက်ခဲ့ကြောင်းနဲ့ ဒီအပေါ်မှာ ဘုရားသုံးဆူမြို့ခံတွေ လူမှုစီးပွားရေး ထိခိုက်နစ်နာမှုများ ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဆိုရင် ဘုရားသုံးဆူမြို့မှာ လျှပ်စစ်မီးနဲ့ ထုတ်လုပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတဲ့အပြင် သောက်သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီလို့ ကိုယ်တိုင်တွေ့ကြုံနေရတဲ့ မြို့ခံတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။
“မီးမရှိတဲ့အခါကျတော့ ဒီ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းကုန်တယ်၊ နောက်ဆုံး ဝပ်ရှော့တွေကအစပေါ့၊ မီးမလာတဲ့အတွက် ကျနော်တို့ ရေတင်ရတာခက်တယ်၊ ရေတွေရှားပါးလာတယ်၊ ရေသန့်စက်ရုံတွေလည်း မလည်ပတ်နိုင်ဘူး၊ သုံးရေရော သောက်ရေရော ရှားပါးလာတယ်၊ တော်တော်ခက်ခဲသွားတယ်။”
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က တောင်းဆိုထားသလို တရုတ်နိုင်ငံသားတွေ အလွယ်တကူ ထွက်သွားမယ် မထင်ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“(တရုတ်နိုင်ငံသားတွေ) လုံးဝ ကင်းစင်သွားပြီးဆိုရင်တော့ နဂိုမူလအတိုင်း နှစ်နိုင်ငံ ပြန်လည်ပြီးတော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်တာပေ့ါလေ။ အခုဆိုရင် ပြည်သူလူထုက ဘယ်လောက်ဒုက္ခရောက်သလဲ … ဘတ်ထရီ ၁ လုံးကအစ ဓာတ်ခဲ ၁ လုံးကအစ ကျနော်တို့ ဗမာဘက်ခြမ်းကို ဆင်းလို့မရဘူး၊ ဆိုလာဆို မစဉ်းစားနဲ့။ ကျနော်တို့က သိပ်ပြီးတော့ မထင်ဘူးဗျ၊ (တရုတ်) သူတို့ထွက်သွားမယ်ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူး ထင်တာပဲ။ အဲ့ဒါကို ကျနော်တို့က စောင့်ကြည့်တယ်၊ ပြည်သူလူထုက စောင့်ကြည့်တယ်၊ သူတို့ပြောတဲ့အတိုင်း ဘယ်လိုမျိုးဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေတယ်။ ဒါကြီးကို ပြစ်ချပြီးတော့ ဒီတရုတ်တွေက သွားမယ်ဆိုတာကို ဘယ်သူမှမယုံဘူးလေ။”
တရုတ်နိုင်ငံသားတွေ ရောက်လာပြီးနောက် ပြဿနာအမျိုးမျိုး ကြုံရတဲ့အကြောင်းနဲ့ အခုလို ထိုင်းဘက်က အရေးယူ နှိမ်နှင်းချိန်မှာ ဘုရားသုံးဆူမြို့ခံတွေ ကြားထဲကနေ မဆီမဆိုင် နစ်နာရတယ်လို့လည်း မြို့ခံက ပြောဆိုပါတယ်။
“အရင်တုန်းက ကျနော်တို့ ဘုရားသုံးဆူမှာ တရုတ်တွေက အခြေချဖို့မပြောနဲ့၊ ခိုးလာပြီးတော့ စကားပြောတာတောင် အသံမထွက်ရဲဘူး၊ ဒီ လ.ဝ.က အုပ်ချုပ်ရေးယန္တရား လည်ပတ်တဲ့အချိန်မှာ လာမရဲဘူး၊ လာခွင့်လည်းမရှိဘူး။ အခုကတော့ သူတို့ မြို့တော်ကြီးလိုဖြစ်လာတာ၊ သူတို့တွေ ချဲ့လာလေ ကိုယ့်ဗမာပြည်သား ပြည်သူလူထုတွေက အစွန့်အဖျား နယ်စပ်တွေဘက် ရောက်သွားလေပဲ၊ ဟိုမြို့အပြင်တွေ ရောက်ကုန်တယ်၊ တိုက်ခန်းတောင်မှ ဆောက်လို့မပြီးသေးဘူး၊ အခန်းက ငှါးပြီးသွားပြီတဲ့ သူတို့၊ စဉ်းစားကြည့်လေ။”
ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အမှတ် (၂) နည်းဗျူဟာအဖွဲ့က ဗိုလ်မှူးကြီး စောအေဝမ်း လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ တရားမဝင် အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားတဲ့ လုပ်ငန်းတွေ ဘုရားသုံးဆူမြို့အတွင်း အခြေချလုပ်ခွင့် မရှိစေဖို့နဲ့ ဒေသခံတွေရဲ့ လူမှုစီးပွား ထိခိုက်နစ်နာမှု လျော့ကျလာအောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပါရှိပါတယ်။
Forum