Ohio နဲ့ Tennessee ပြည်နယ် ချိုင့်ဝှမ်းဒေသတွေမှာ ရေခဲတွေ အရည်ပျော်နေတဲ့အချိန် မိုးကြိုး မုန်တိုင်းဒဏ် ခံရဖို့ရှိနေပြီး Mississippi ချိုင့်ဝှမ်း အောက်ပိုင်းဒေသတွေမှာတော့ ပြင်းထန်တဲ့ လေဆင်နှာမောင်း ဝင်ရောက်မယ့် အန္တရာယ် ကြုံနေရပါတယ်။
Kentucky ၊ Tennessee ၊ အနောက် ဗာဂျီးနီးယား နဲ့ Arkansas ပြည်နယ်တွေမှာလည်း ရေကြီးနိုင်တဲ့အကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ ဖြစ်နိုင်ရင် အပြင်ထွက် သွားလာတာတွေ မလုပ်ဖို့ မိုးလဝသဌာနက သတိပေးထားပါတယ်။ Kentucky ပြည်နယ် မြောက်ပိုင်း နေရာတချို့မှာ မိုးရေချိန် ၈ လက်မ အထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တချိန်တည်းမှာပဲ အရှေ့မြောက်ပိုင်း ပြည်နယ် ၆ ခုမှာတော့ အစပိုင်း နှင်းတွေ ထူထူထပ်ထပ် ကျပြီး နောက်ပိုင်း နှင်းမိုးနဲ့ ရေခဲမိုးအသွင်ပြောင်း ရွာနိုင်တာကြောင့် ခရီးသွားလာဖို့ မဖြစ်နိုင်တဲ့ အခြေအနေအထိ ကြုံရနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။
နယူးယောက်ပြည်နယ် မြောက်ပိုင်းမှာလည်း ဒီသီတင်းပတ်ကုန် မိုးသည်းသည်းထန်ထန် ရွာနိုင်တဲ့အကြောင်းနဲ့ ဒေသခံတွေ အနေနဲ့ နှင်းကျတာရော၊ မိုးရွာတာအပြင် ရေခဲတာနဲ့ လေပြင်းတိုက်တာတွေလည်း ကြုံရနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
Forum