သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသူတဦး အိုးဘိုထောင်တွင်း သေဆုံး


မန္တလေး အိုးဘိုအကျဉ်းထောင် (ဓာတ်ပုံ- အိုးဘိုထောင် FB)
မန္တလေး အိုးဘိုအကျဉ်းထောင် (ဓာတ်ပုံ- အိုးဘိုထောင် FB)

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် မရတဲ့အတွက် သေဆုံးရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောဆိုပါတယ်။ ဒီနှစ်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ သေဆုံးခဲ့ရတဲ့ ပဉ္စမ မြောက် နိုင်ငံအရေးအကျဉ်းသားတဦီးလို့လည်း ပြောပါတယ်။ မြန်မာပြည်တွင်းက သတင်းပေးပို့လာတာပါ။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အိုးဘို အကျဉ်းထောင်မှာ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူဟာ မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပုဒ်မ ၅၂(က)/ ၅၀(ည) တို့နဲ့ ထောင်ဒဏ် ၂၂ နှစ်ကျခံနေရတဲ့ အသက်(၆၅)နှစ် အရွယ် နိုင်ငံရေးအကျဉ်းသူ ‌ဒေါ်စန်းရီ ဖြစ်ပါတယ်။ ထောင် မကျခင်ထဲက သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်း‌ရောဂါ ခံစားနေရတာဖြစ်ပေမယ့် အကျဉ်းထောင်ထဲမှာ ရောဂါ ပိုဆိုးလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဦးသိုက်ထွန်းဦးက VOA ကို ပြောပါတယ်။

" မူလထဲက ရောဂါအခံရှိတယ်။ ထောင်ထဲမှာ ကျန်းမာရေး ဆိုးဝါးလာပြီးမှ နောက်ဆုံး ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ မကျဆုံးခင်မှာ ပြင်ပဆေးရုံကို ကုသခွင့် ထောင်အာဏာပိုင်တွေဘက်က သဘောထားမေးခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြင်ပမှာ ဆေးကုသရမယ်ဆိုရင် ကုန်ကျစရိတ်တွေက အကျဉ်းသားဘက်က ကျခံရတာဖြစ်တယ်။ ခက်ခဲတဲ့ နိုင်ကျဉ်းမိသားစုတွေကတော့ ပြင်ပမှာ ဆေးကုသဖို့ မကြိုးစားတော့ဘဲ ထောင်ထဲမှာဘဲ ရှိတဲ့ဆေးဝါးနဲ့ဘဲ ကြံ့ကြံ့ခံ ရပ်တည်ကြရတယ်။ အန်တီ ဒေါ်စန်းရီကလည်း ထောင်ထဲမှာဘဲ ရသလောက်နဲ့ ဆေးကုမယ်ဆိုပြီး ထောင်ထဲမှာဘဲ ဆုံးတာဖြစ်ပါတယ်။ ခုဆိုရင် ၂၀၂၅ ဟာ ၂၀၂၄ ကထက် ဆေးဝါး မလုံလောက်မှုတွေ ပိုများလာတယ် ဆေးဝါးလိုအပ်ချက် ပိုဖြစ်လာတယ်ပေါ့နော်။ သွေးတိုးဆီးချိုဆိုတဲ့ ရောဂါတွေနဲ့ပတ်သတ်ရင် ဆေးဝါး အမြဲ သောက်ရမှာဖြစ်ပေမယ့် ထောင်တွေမှာ ဆေးဝါး မလုံလောက်တာကလည်း အခုလို သေဆုံးမှုကို ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ "

ဒေါ်စန်းရီကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀) ရဲစခန်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိတဲ့ လူငယ်(၃)ဦးကို ဝှက်ထားပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရပါတယ်။ ပုဒ်မ ၅၂(က)/ ၅၀(ည) တို့နဲ့ တရားစွဲတင်ခံရကာ အဖမ်းခံရပြီး တနှစ်နီးပါးအကြာမှာ ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒီနှစ်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေဆုံးခဲ့ရတဲ့ ပဉ္စမမြောက် နိုင်/ကျဉ်းတဦးလည်း ဖြစ်တယ်လို့ ဦးသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိမှာတော့ အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးအကျဉ်းသားတွေဟာ သန့်ရှင်းမှုအားနည်းတာ သောက်သုံးရေ ချိုးရေ လုံလောက်မှု မရှိတာမို့ အရေပြားရောဂါ၊ အမျိုးသမီးရောဂါတွေကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်လို့ နိုင်ကျဉ်းအမျိုးသမီးတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က တာဝန်ခံ မဇူးဇူးက ဗွီအိုအေကို ပြောပြပါတယ်။

" လက်ရှိအကျဉ်းထောင်တွေထဲမှာ ဒီအမျိုးသမီးတွေဟာ အရေပြားရောဂါမျိုး နောက် အမျိုးသမီး သားအိမ်ပိုင်းဆိုင်ရာ အားနည်းတာမျိုး၊ ပြီးရင် ရာသီသွေး ပုံမှန်လည်ပတ်မှု ပုံမှန် မလာတာမျိုး ပြီးတဲ့အခါကျရင် တီဘီလိုရောဂါမျိုးတွေ .. နောက် နာတာရှည် နှလုံးရောဂါမျိုးဆိုလည်း ဆေးဝါး လုံလောက်မှု မရှိတာမျိုးတွေ အရေးပေါ်ဖြစ်ရင်တောင် ထောင်ဆေးရုံကိုတက်ဖို့ တော်တော်ခဲရာခဲဆစ် တောင်းဆိုရတာမျိုးတွေ နိုင်ငံရေးအကျဉ်းသူတွေ အနေနဲ့ ကြုံတွေ့နေရတယ်။ နောက် လက်ရှိမှာ ဆေးဝါး မလုံလောက်တာ သူတို့ refer ထုတ်ပေးတာ ကုသဖို့ နှောင့်နှေးတာတွေကြောင့် အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရတယ်လို့ မြင်မိတယ်။ "

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခု ၂၀၂၅ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်းဟာ ၆၃၀၀ ကျော် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ နောက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ ၂၉,၀၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁ သောင်းကျော်ကို ထောင်ဒဏ် ချမှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဒီကိန်းဂဏန်းတွေဟာ ချဲ့ကား ဖေါ်ပြတဲ့ ကိန်းဂဏန်းတွေသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG