သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Elon Musk ရဲ့ တောင်းဆိုချက်ကို အကြောင်းမပြန်ဖို့  အမေရိကန် အစိုးရ ဌာန တချို့ ညွှန်ကြား


အမေရိကန် သမ္မတ Donald Trump ရဲ့ အကြံပေး Elon Musk က ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူတို့ရဲ့ လုပ်ငန်း ပြီးမြောက်မှုတွေကို စာရင်းပြုစု တင်ပြဖို့ ဒါမှမဟုတ်ရင် အလုပ်က ထုတ်မယ်ဆိုပြီး ပြောဆိုထားတာကို ချက်ချင်း အကြောင်းမပြန်ကြဖို့ အမေရိကန် အစိုးရ ဌာန တချို့က သူတို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အစိုးရခန့် အရာရှိတွေကတော့ သူတို့ ဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင် အုပ်ချုပ်မှု အဆင့်ဆင့်ကလွဲလို့ ပြင်ပက ညွှန်ကြားချက်တွေကို မတုံ့ပြန်ကြဖို့ အီးမေလ်း ပေးပို့ အကြောင်းကြားထားပါတယ်။

ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း သူတို့ လုပ်ခဲ့တဲ့ လုပ်ငန်း အသေးစိတ်ကို တနင်္လာနေ့ ည ၁၁ နာရီ ၅၉ မိနစ်မှာ နောက်ဆုံးထား ဖော်ပြဖို့ ညွှန်ကြားထားတဲ့ အီးမေလ်းကို စနေနေ့ ညနေပိုင်းမှာ ရခဲ့တာပါ။ သိပ်မကြာခင်မှာဘဲ Elon Musk က အကြောင်းပြန်ဖို့ ပျက်ကွက်သူတွေကိုတော့ အလုပ်က နုတ်ထွက်မှု အဖြစ် မှတ်ယူမှာ ဖြစ်ကြောင်း သူပိုင် X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဝန်ထမ်းရေးရာရုံးကနေ ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေထံ ပေးပို့တဲ့ စာထဲမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဘာတွေ လုပ်ခဲ့သလဲလို့ ဖော်ပြထားတာ တွေ့ရပြီး Elon Musk ရဲ့ ခြိမ်းခြောက်မှုတော့ မပါဝင်ပါဘူး။ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမိမြေ လုံခြုံရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေး ဝန်ကြီးတို့ အပါအဝင် တချို့သော အစိုးရ ဌာနတွေကလည်း နောက်ထပ် ညွှန်ကြားချက် မရ မချင်း ဒီစာကို အကြောင်းမပြန်ကြဖို့ ညွှန်ကြားထားတာကို ရိုက်တာ သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG