သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS


ပိုလာဝက်ဝံ
ပိုလာဝက်ဝံ

အာတိတ်ဒေသလို အပူချိန် သုညအောက်ရှိတဲ့ အအေးလွန်ကဲတဲ့ ဝန်းကျင်ကို ဝင်ရိုးစွန်းဝက်ဝံ polar bear တွေ ဘာကြောင့် ခံနိုင်ရည် ရှိတယ် ဆိုတာကို အိုင်ယာလန်က သုတေသနပညာရှင်တွေ တွေ့လာပါပြီ။ ဒီတွေ့ရှိချက် ကနေ သဘာဝ PFAS ခေါ် မပျောက်ပျယ်တဲ့ ထာဝရဓါတုပစ္စည်း ထုတ်ဖို့ပါ မျှော်လင့်လာကြတာပါ။ ရိုက်တာသတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

သိပ်အေးတဲ့ ဒေသ၊ အမြဲတမ်း ရေခဲနေတဲ့ ဒေသတွေမှာ ကိုယ်ခန္ဓာ လှုပ်ရှား သွားလာမှုဟာ ရေခဲနေတာကြောင့် ခက်ခဲလေ့ရှိပါတယ်။

ဒါပေမယ့် ဝင်ရိုးစွန်း ဝက်ဝံတွေကတော့ ထူးခြားနေတာ ဖြစ်ပြီး နိုင်ငံတကာ သိပ္ပံပညာရှင်တွေပါတဲ့ အဖွဲ့တဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ သူတို့ကိုယ်ပေါ်မှာရှိတဲ့ ထူထဲတဲ့အမွှေးတွေမှာ ရေမခဲစေတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတာကို တွေ့ရှိခဲ့ကြတာပါ။ ဒီတွေ့ရှိချက်ကနေ အာတိတ်ဒေသလို အအေးလွန်တဲ့ နေရာမျိုးကို ဒီဝက်ဝံမျိုးစိတ်တွေ ဘာကြောင့် ခံနိုင်ရည် ရှိနေကြတယ် ဆိုတာကို အဖြေရှာ နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒီဝင်ရိုးစွန်း ဝက်ဝံတွေမှာတွေ့ရတဲ့ ရေခဲမတင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓါတုပစ္စည်းတွေကို သဘာဝ အဆီလွှာ ပါး လေး တခု အဖြစ် ထိထိရောက်ရောက် သုံးနိုင်တာကိုပါ တွေ့လာတာကြောင့် သူ့ကို စက်မှုလုပ်ငန်းမှာ ရေမခဲစေတဲ့ပစ္စည်း အဖြစ် အသုံးချဖို့ပါ ဖြစ်နိုင်ခြေရှိနေတာပါ။

သုတေသန ပညာရှင်တဦးဖြစ်တဲ့ Dublin - Trinity ကောလိပ် ဓါတုဗေဒ ကျောင်းနဲ့ AMBER အိုင်ယာလန် သုတေသနစင်တာ က ပါရဂူကျောင်းသား Julian Carolan ကတော့ ဒီဝက်ဝံတွေ နှင်းတောထဲ နေပေမယ့် သူတို့ကိုယ်မှာ ရေခဲမတင်ပဲ ဖြစ်နေတာဟာ သိပ်ထူးဆန်းနေလို့ စူးစမ်းချင်လာတယ် လို့ ပြောပါတယ်။

“သူတို့ဆီမှာ အံ့သြစရာ ဂုဏ်သတ္တိတမျိုး ရှိနေသလိုပဲ။ နှင်းတောထဲမှာ ဂျွမ်းထိုးနေနိုင်သလို သုညဒီဂရီ အောက်ရောက်အောင် အေးတဲ့ နေရာမှာ တောင်စောင်းတွေကနေ လျှောဆင်းနိုင်တယ်။ ဒါပေမယ့် သူတို့ကိုယ်မှာ ရေခဲတွေ တင်မနေဘူး။ အာတိတ်ဒေသကို ကျနော့်လိုမျိုး လူတွေသွားရင် ဆံပင်တွေ၊ မျက်ခုံမွှေးတွေ၊ မုတ်ဆိတ်ထားတဲ့သူဆို မုတ်ဆိတ်မွှေးတွေမှာ နှင်းတွေဖုံးပြီး ရေတွေ ခဲနေတတ်တယ်။ ဒါကြောင့်လည်း ဒီစူးစမ်းရေးကို စလုပ်ဖို့ စိတ်ဝင်စားလာတာပါ။”

Dublin - Trinity ကောလိပ်က သုတေသန ပညာရှင်တွေဟာ ဝင်ရိုးစွန်းက ဝက်ဝံရိုင်း ၆ ကောင်ရဲ့ ကိုယ်က အမွှေးတွေကို နမူနာယူပြီး သူတို့ရဲ့ ထူထဲတဲ့ အမွေးတွေ ပေါ်မှာ သဘာဝအလျှောက် ဖုံးနေတဲ့ အဆီလွှာမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းတွေ ကို အဓိကထား လေ့လာခဲ့ကြပါတယ်။

သူတို့ရဲ့ တွေ့ရှိချက်ကို Science Advances စာစောင်မှာ တင်ပြခဲ့တာပါ။ ဒီဝက်ဝံရဲ့ ကိုယ်ပေါ်က အမွှေးတွေကို ဖုံးနေတဲ့ အဆီလွှာမှာ cholesterol, diacylglycerols နဲ့ ဖက်တီးအက်ဆစ် တွေ ပါဝင်နေပြီး၊ သူက ရေခဲမှာကပ် မနေအောင် သိသိသာသာ လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ဒီအဆီလွှာကို ဖယ်ရှား လိုက်တဲ့ အခါ ဒီဝက်ဝံမွှေးတွေဟာ လူ့ဆံပင်မွှေးတွေ လိုပဲ ရေခဲတွေ လွယ်လွယ် ကူကူ ကပ်နိုင်တာ တွေ့ရပါတယ်။

ရေခဲတွေ သူတို့အမွှေးမှာ ကပ်မနေအောင် ဒီ အမွှေးထဲက အဆီတွေက အဓိက လုပ်ဆောင်ပေးတာ တွေ့ရတယ်လို့လည်း Julian Carolan က ပြောပါတယ်။

“အဓိကအချက် ကတော့ ဝက်ဝံမွှေးအဆီ မှာပါတဲ့ ပစ္စည်းတွေက ရေခဲတွေ ကပ်မနေအောင် လုပ်ပေးတာပါ။ သူတို့ရဲ့ အမွှေးမှာရှိတဲ့ အဆီကို ခွဲထုတ်ပြီး စစ်ဆေးစမ်းသပ် ပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီမှာ ပါနေတဲ့ ဓါတ်ပစ္စည်းတွေက သိပ်ကိုရှုပ်ထွေးလို့ပါ။ အဲဒီမှာပါတဲ့ ဓါတ်ပစ္စည်းတချို့က သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒါတွေနဲ့ ရေခဲနဲ့ ဘယ်လို သက်ရောက်မှု ရှိလည်းဆိုတာ စမ်းကြည့်တော့ သူတို့ ကပ်မနေအောင် လုပ်နိုင်တာတွေ့ရတယ်။ ဒါကြောင့် ဝင်ရိုးစွန်း ဝက်ဝံတွေမှာ ရေခဲ မကပ်အောင် သူတို့က လုပ်ပေးနေတာပါ။”

ဒီတွေ့ရှိချက်ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ စဉ်းစားလာကြပါတယ်။

ဝက်ဝံမွှေးမှာ ရှိတဲ့ ဒီအဆီဟာ အခုလို ရေမခဲစေတဲ့ အကျိုးကျေးဇူး ပေးရုံမကပါဘူး။ ဒီဝက်ဝံကြီးတွေ သားကောင်ရှာတဲ့ အမဲလိုက်တဲ့ နေရာမှာ အသံ လုံလုံနဲ့ ချောင်းနိုင်တဲ့ အပြင် သူတို့ သွားလာရေးမှာ လွယ်လွယ်ကူကူ လျှောပြီး သွားနိုင်တာကြောင့် စွမ်းအင်လည်း သိပ်သုံးစရာ မလိုတော့ဘူးလို့ ပြောပါတယ်။

"ဝင်ရိုးစွန်းဝက်ဝံ ကို အနီအောက်ရောင်ခြည် အောက်မှာကြည့်ရင် သူတို့မှာ တကယ် ထိရောက်တဲ့ အပူကာပစ္စည်း ရှိနေတာ တွေ့ရမယ်။ သူတို့မှာ အဆီတွေရှိတယ်၊ ထူထဲတဲ့ အမွှေးတွေရှိတယ်။ အမွှေးက တကယ်ထူတယ်။ သူတို့ကိုယ်က အလေးချိန်များနေတော့ သူတို့လှုပ်ရှားရတာ ခက်တယ်။ တကယ်လို့ သူတို့ကိုယ်မှာ ရေခဲတွေ ကပ်နေမယ် ဆိုရင် ရေခဲနဲ့ ညပ်နေတာမျိုး၊ ဒါမှမဟုတ် ဖျံကို လိုက်ဖမ်းတဲ့ အခါမျိုးမှာ သိပ်ခက်မယ်။ နောက် သူတို့ အမဲလိုက်မယ် ဆိုရင်လည်း ပြဿနာရှိမယ်။ ရေခဲတွေနဲ့ ကပ်နေမယ်ဆို သူတို့လှုပ်ရှားတိုင်း အသံက ထွက်နေမှာ။ သားကောင်ကို ချောင်းလို့ ရမှာ မဟုတ်ဖူး။ ဒါကြောင့် ရေခဲတွေ ကပ်မနေဖို့က သိပ်အရေးကြီးတယ်။ ရီစရာပြောရရင် ဒီကောင်တွေက တောင်စောင်းတွေမှာဆို လျှောဆင်းပြီး ခရီးတွင်အောင် သွားတတ်တယ်။ ဘာလို့လည်း ဆိုတော့ သူတို့က သိပ် မပြေးနိုင်ကြဘူးလေ။ ဘာနဲ့တူလဲ ဆိုတော့ စနိုးဂီယာ အပြည့်ထိုးပြီး ပြေးသလိုပဲ။ သူတို့က တောင်စောင်းတွေမှာရော နှင်းလျှောစီးသလိုရော သွားလေ့ရှိတယ်။ သူတို့က ရေခဲပြင်ပေါ်မှာ အသံမထွက်ပဲ ညင်ညင်သာသာလေး သွားနိုင်တာမို့ တပန်းသာ နေတယ်။”

ဝက်ဝံမွှေးမှာ ရှိတဲ့ ရေမခဲစေတဲ့ အဆီလွှာကို ဆန်းစစ်လေ့လာမှု ကနေ ရေမခဲစေတဲ့ သဘာဝပစ္စည်း တမျိုး တီထွင်ဖန်တီးဖို့ သုတေသနတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်လာကြသလို ၊ ရေခဲလောက်အောင် သိပ်ကိုအေးတဲ့ နေရာမှာ ရေမခဲအောင် လုပ်ပေးနိုင်မယ့် သုတ်ဆေးလို အလွှာပါးကလေးတမျိုး တီထွင်နိုင်မယ် ဆိုတာကိုပါ သိလာကြပါတယ်။

လူတွေအတွက် အသုံးတဲ့တဲ့ အန္တရာယ်ကြီးတဲ့ ဖလိုရင်းနဲ့ ကာဗွန်တွေ ပါတဲ့ PFAS fluorinated ကွန်ပေါင်း နေရာမှာ ဒီဝင်ရိုးစွန်းဝက်ဝံတွေရဲ့ အမွှေးက သဘာဝအဆီကို အစားထိုးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သိပ္ပံပညာရှင် Carolan က ပြောပါတယ်။

“ ဟုတ်ပါတယ်။ ဒါက မျှော်လင့်ချက်ပါ။ fluorinated ဒြပ်ပေါင်းတွေ ဖြစ်တဲ့ PFAS က ရေခဲမကပ်အောင် တကယ်ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်။ အဲဒီဒြပ်ပေါင်းက ကျနော်တို့လူနေမှုဘဝမှာ အတော်နေရာယူ ပေမယ့် အတော်လည်း အန္တရာယ်ရှိတာမို့ သိပ်ဆိုးပါတယ်။ ဒါကို ထာဝရ ဓါတုပစ္စည်း - ‘forever chemicals’ လို့ ခေါ်ကြတာကလည်း အကြောင်းရှိပါတယ်။ သူတို့က သဘာဝ ဝန်းကျင်မှာ ပျောက်မသွားပဲ အကြာကြီး နေနိုင်လို့ပါ။ အဲဒီတော့ သူတို့ကို အစားထိုးဖို့ လုပ်မယ်ဆိုတာ အကြံကောင်းပါ။ တကယ်လို့ ဒီ ဝက်ဝံမွှေးဆီ လိုမျိုးနဲ့ အစားထိုးနိုင်မယ် ဆိုရင်တော့ ဒါက သဘာဝ ပစ္စည်းဖြစ်တဲ့ အတွက် အန္တရာယ်ရှိတဲ့ ထာဝရ ဓါတုပစ္စည်း ပြဿနာကို ဖြေရှင်းဖို့ သိပ်ကောင်းတဲ့ နည်းပါ။”

PFAS အုပ်စုမှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ အပူဒဏ်၊ ရေဒဏ်။ ဆီဒဏ် တွေကိုကောင်းကောင်း ခံနိုင်ရည် ရှိပြီး သူတို့ကို မကပ်တဲ့ အိုးတွေ၊ အဝတ်အစားတွေ၊ သုတ်ဆေးတွေ၊ မီးသတ်ဆေးဘူးတွေတွေ အပြင် လူသုံးပစ္စည်းတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ အပါအဝင် နေရာ အတော်များများမှာ သုံးနေကြတာပါ။

ဒီ လူဖန်တီးထားတဲ့ ဓါတု ဒြပ်ပေါင်း PFAS ဟာ အလွယ်တကူ ကြေပျက် ပျောက်ကွယ်မသွား နိုင်တဲ့ ဓါတု ဒြပ်ပေါင်း - "forever" chemicals တွေ ဖြစ်တဲ့ အတွက် သူတို့နေရာမှာ ဒီသဘာဝ ဇီဝပစ္စည်း ဖြစ်တဲ့ ဝက်ဝံမွှေးဆီကို ပြောင်းလဲ အစားထိုးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ နောက်တပတ်မှာ ပြန်ဆုံကြဦးမယ်နော်။

ဝင်ရိုးစွန်းဝက်ဝံမွှေးနဲ့ ထာဝရ ဓါတုပစ္စည်း PFAS
please wait

No media source currently available

0:00 0:06:58 0:00

Forum

XS
SM
MD
LG