ဆေးရုံမှာ လေးပတ်မြောက် ဆေးကုသမှုခံနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အခုရက်ပိုင်းတွေထဲမှာ “ဖြည်းဖြည်းချင်း တိုးတက်လာနေတဲ့ အရိပ်အယောင်” ပြသလာကြောင်း ဗာတီကန်နန်းတော်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ကက်သလစ် သာသနာပိုင် ပုပ် ဖရန်စစ်ဟာ အဆုတ်နှစ်ဘက်လုံးမှာ အဆုတ်ရောင် ရောဂါ ခံစားနေရတဲ့အတွက် ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းက ဆေးရုံတက်နေရတာကနေ ကုသမှုကို ကောင်းကောင်းမွန်မွန် တုံ့ပြန်လာနေပြီလို့ ဆိုပါတယ်။
ပုပ် ဖရန်စစ်ဟာ အဖျားမရှိသလို သူ့ရဲ့သွေးတွင်း အောက်ဆီဂျင်လည်ပတ်မှု အဆင့်ကောင်းပြီး အခြေအနေ တည်ငြိမ်နေခဲ့တယ်လို့ ဗာတီကန်က စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆရာဝန်တွေက ပြောပါတယ်။
ဒီလို တည်ငြိမ်လာတာက "ဆေးကုထုံးကိုကောင်းမွန်တဲ့ တုံ့ပြန်မှု အကျိုးဆက်အဖြစ် သက်သေပြနေတယ်" လို့ ဆိုပါတယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စောင့်ရှောက်ကုသမှုတွေ ဆက်ထားရှိဖို့ ဆရာဝန်တွေက ဆုံးဖြတ်ထားပါတယ်။
ရှုပ်ထွေးတဲ့ တုံ့ပြန်မှုတွေ ဖြစ်လေ့ရှိတဲ့ အဆုတ်ရောင် ပိုးဝင်တဲ့ရောဂါနဲ့ ဆေးရုံတင်ထား ရပြီးနောက်ပိုင်း ကုသမှု အခြေအနေကို အကောင်းမြင်ကြောင်း ဆရာဝန်တွေက အစီရင်ခံတင်ပြတာက ဒါက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ကက်သလစ် သာသနာပိုင် အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်လာတာ ၁၂ နှစ် ရှိလာပြီဖြစ်တဲ့ ပုပ် ဖရန်စစ်ရဲ့ သာသာနပိုင် သက်တမ်းတလျှောက် ဒီတကြိမ် ဆေးရုံတက်ရတာဟာ ရက်အကြာဆုံး ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ အလုပ်တာဝန် တချို့ကို တခြား ကာဒီနယ် ဘုန်းတော်ကြီးတွေက အားဖြည့် ဆောင်ရွက်နေပြီး ပုပ်ဖရန်စစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေချိန်မှာ အခုလို ကျန်းမာရေး အနည်းငယ် တိုးတက်လာတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Forum