သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှုများ တခုချင်းစီ ရက်၁၈၀အတွင်းစစ်ဖို့ တရားရုံးလက်ခံ


အာဏာသိမ်းဖယ်ရှား ဖမ်းဆီးခြင်းခံထားရတဲ့ ဒေါ် အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့်ဒေါက်တာမျိူးအောင်တို့အား နေပြည်တော်မှာ မေလ ၂၄ က ရုံးထုတ်စဉ် (ဓာတ်ပုံ- Reuters/MRTV)
အာဏာသိမ်းဖယ်ရှား ဖမ်းဆီးခြင်းခံထားရတဲ့ ဒေါ် အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့်ဒေါက်တာမျိူးအောင်တို့အား နေပြည်တော်မှာ မေလ ၂၄ က ရုံးထုတ်စဉ် (ဓာတ်ပုံ- Reuters/MRTV)

(Zawgyi/Unicode)
နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှု တခုချင်းစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ လေ ျှာက်ထားချက်ကို တရားရုံးက လက်ခံလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ အမှုတွဲ တခုထဲဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သီးခြားတွေ့ဆုံခွင့်ပေးဖို့ ဒီနေ့ အထူးတရားရုံးမှာ ရုံးထုတ်စဉ်မှာ လေ ျှာက်ထား တောင်းဆိုခဲ့ပါတယ်။ ဒီနေ့ နေပြည်တော်ရုံးချိန်းက အခြေအနေ အပြည့်အစုံ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ကြားနာစစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်ထားတာတဲ့ နေပြည်တော် ကောင်စီဝန်းထဲက သီးသန့် အထူးတရားရုံးမှာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ အမှုတခုချင်းဆီကိုရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖက်က လေ ျှာက်ထားခဲ့ပါတယ်။ ဒါကို တရားသူကြီးဘက်ကလည်း လက်ခံခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"Simple လို့သတ်မှတ်တာက အမှုအမျိုးအစား၊ ပုဒ်မသဘောထား၊ နောက်ပုဒ်မ၊ ပြစ်ဒဏ် ကြည့်တာမှာ ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် စစ်လို့ရတယ်လို့ သတ်မှတ်နိုင်လို့ ရက်ပေါင်း ၁၈၀ အတွင်းစစ်မယ့်ထဲပါ သွားတယ်ပေါ့။ ရက်ပေါင်း ၁၈၀ ဆိုတာမှာ ရက်ပေါင်း ၁၈၀ အတွင်းစစ်ဖို့ကြိုးစားကြတာပေါ့။ တမှုချင်း ကို ၁၈၀လို့ ပြောတာပါ။ တမှုချင်းဆိုတာမှာ တနင်္လာနေ့တိုင်းမှာ ၃ မှု စစ်မယ်။ နောက် အင်္ဂါနေ့တိုင်းမှာ ၂ မှုစစ်မယ်ပေါ့။ အဲလို ၃မှုနဲ့ ၂မှု စစ်တာက ရက်ပေါင်း ၁၈၀ အတွင်းတပြိုင်နက်ပြီးချင် ပြီးသွားမှာပေါ့ဗျာ။ တချို့ကတော့ ရက်ပေါင်း ၁၈၀ အတွင်းမပြီးဘဲ ကျန်နေတာရှိကောင်းရှိမှာပေါ့"။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညို ပျက်အောင်လှုံဆော်မ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စတဲ့အမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ တရားစွဲထားပါတယ်။

သက်သေ တူတဲ့ ၃ မှုကို တနင်္လာနေ့စစ်ဖို့နဲ့ နောက်ထပ်သက်သေတူနိုင်မယ့် ၂ မှုကို အင်္ဂါနေ့မှာစစ်ဖို့ ကို သဘောတူခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဘယ်အမှုတွေ ဘယ်နေ့ ဖြစ်မလဲဆိုတာကိုတော့ ရှေ့နေတွေ အနေနဲ့ ပြန်လည် စိစစ်ပြီးမှသာပြောဆိုမယ်လို့ ပြောပါတယ်။ အဲလိုခွဲလိုက်တာဖြစ်လို့ နေပြည်တော်အမှုတွေအတွက် လာမယ့် ဇွန် ၁၄ ရက်နေ့က စပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့မှာ ကြားနာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးကို လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေကောင်းကျန်းမာပုံရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ သူကို လက်ရှိ ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ပါတ်သက်လို့ ဦးခင်မောင်ဇော်က အခုလိုပြောပြပါတယ်။
"ကျနော်တို့သူ့ကိုမေးတော့ အဲဒီနေရာမှာဘဲထားတယ်။ သူလည်းနေရာမသိဘူးပေါ့ဗျာ။ ဟိုကိုပြန်မပို့ဘူး။ ခေါ်လာတဲ့နေရာပြန်မပို့ဘူး။ ခုက တလျှောက်လုံးအဲမှာထားမယ့်သဘောမှာရှိတယ်။ အဲအိမ်မှာရှိသမျှ အကုန်ကိုခေါ်လာတာလို့ပြောတယ်"။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခဲ့တာပါ။ မေလ ၂၄ ရက် ရုံးချိန်မတိုင်ခင် ၁ ရက်မှာ သူ့ကို နေရာ တခုမှာ ပြောင်းရွှေ့ အကျယ်ချုပ်ချထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာမှာ သူနဲ့အတူ ၉ ယောက်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိူးဆောင်အဖွဲ့က ပြောပါတယ်။ ဒီနေ့ တရားခွင်မှာ ကြာနာ လေ ျှာက်ထားမှု မလုပ်ခင် ရှေ့နေတွေနဲ့ တေ့ွဆုံစဉ် သူနဲ့အတူနေထိန်းသိမ်းခံထားရသူတွေရဲ့ ကျန်းမာရေးဆေးဝါးဆိုင်ရာနဲ့ စားသောက်ဆိုင်ရာအတွက် စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အမှု ၁ ခုမှာ သူနဲ့ အမှုတွဲတခုထဲ ဖြစ်တဲ့ သမ္မတဦးဝင်းမြင့် ဒေါက်တာ ဦးမျိုးအောင်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ကိုလည်း တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပြပါတယ်။

" ပြည်သူတွေကျန်းမာအောင်နေဖို့ဘဲ အဓိကတော့မှာတယ်။ ကျန်တာကတော့ အတူနေမိသားစု စားဝတ်နေရေးအတွက် သူကငွေလည်းနည်းနည်းနည်းသွားပြီ။ အဲအတွက်ကိုလည်း ကျမတို့ဆောင်ရွက်ပေးနိုင်မယ်ဆိုဆောင်ရွက်ပေးဖို့ကျမတို့ကိုမှာပါတယ်။ နောက်သူတို့လိုအပ်တဲ့ ဆေး လေးတွေပေါ့။ သက်ဆိုင်ရာဌာနကတော့ပြောပါတယ်။ သူတို့စီစဉ်ပေးမယ်လို့ အဲလိုစီစဉ်တာလည်းမလို ချင်လို့လို့ ပြောပါတယ်။ တတ်နိုင်ရင်တော့လုပ်ပေးဖို့ပြောပါတယ်။ သက်ဆိုင်ရာ ထိန်းသိမ်းထားတဲ့ သူ တွေ ကိုလည်း တရားရုံးပြီးမှာ သူကိုယ်တိုင်ပြောပါတယ်။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ လန်းဆန်းပါတယ်။ နောက်တခုကတော့ သမ္မတဦးဝင်းမြင့် ဒေါက်တာ ဦးမျိုးအောင်တို့နဲ့ သူနဲ့ တွေ့ဖို့ကို လုပ်ပေးဖို့ကို တရားခွင်မှာတောင်းဆိုပါတယ်။ ၃ဦးလုံးက အမှုတွဲတခုထဲမို့ တွေ့ခွင့်ရဖို့တောင်း တာတရားသူကြီးကတော့သက်တိုင်ရာ ထိန်းသိမ်းထားသူတွေကို ညှိပြီးဆောင်ရွက်ပါလို့ပြောပါတယ်။ ကျမတို့ အဲဒါကိုလည်း ထိန်းသိမ်းထားသူတွေနဲ့ တွေ့ပြီး အမေကိုယ်တိုင်တောင်းဆိုပါတယ်"။

ရန်ကုန်မြို့မှာ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့အမှု နေပြည်တော်လွှဲ မလွှဲ ကြားနာဖို့ နေပြည်တော် အထူးတရားရုံးမှာ လာမယ့် ဇွန် ၂၃ ရက် ရုံးချိန်းခေါ်ယူထားပါတယ်။ ဒီကြားနာပွဲမှာ စွပ်စွဲခံရသူကိုယ်တိုင်လျှောက်ထားမယ့်အကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပေမယ့် ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် မသိထားဘူးလို့ ရှေ့နေတွေက ပြောပါတယ်။ ကိစ္စအားလုံးကို ရှေ့နေတွေကတဆင့် ဆောင်ရွက်ဖို့ ပြောကြားထားပြီးသားမို့ တရားရုံးမှာ ရှေ့နေတွေနဲ့သာ လျှောက်လဲသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။

.................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG