(Zawgyi/Unicode)
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရယူမယ့်အစီအစဉ်ကို ဩစတြေးလျနိုင်ငံက ကြေညာပြီးတဲ့နောက် ဒေသတွင်းမှာ လက်နက်ပြိုင်ဆိုင်မှုတွေအပေါ် စိုးရိမ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သောကြာနေ့ က ပြောလိုက်ပါတယ်။
တရုတ်ဩဇာအာဏာ တက်လာတာကို တုံ့ပြန်ဖို့အတွက် အင်္ဂလိပ်လို အတိုကောက်အားဖြင့် အောကပ်စ် (AUKUS) လို့ သိကြတဲ့ ဩစတြေးလျ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်တဲ့ သဘောတူညီချက် အစိတ်အပိုင်းတရပ်အရ ဩစတြေးလျနိုင်ငံက အဲဒီလို နျူကလီးယားဆိုင်ရာ နည်းပညာတချို့ကို ရရှိမှာပါ။
ဒီအတွက် ဒေသတွင်းမှာ လက်နက်ပြိုင်ဆိုင်တပ်ဆင်ပြီး ဩဇာအာဏာ တင်လာကြမှာကို အလေးအနက် စိုးရိမ်ပါကြောင်း အင်ဒိုနီးရှားနိုင်ငံက ကြေညာချက် ထုတ်ခဲ့တာပါ။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆိုင်ရာ ကတိကဝတ်တွေကို လေးစားထိန်းသိမ်းဖို့ ဩစတြေးလျနိုင်ငံကို ပန်ကြားလိုက်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေ ကို လေးစားဖို့လည်း ထပ်ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားကို ကြိုအသိပေးခဲ့ကြောင်း ဩစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။ သမ္မတ Joko Widodo နဲ့လည်း မကြာမီ တွေ့မယ်လို့ ဆိုပါတယ်။
အငြင်းပွားဖွယ်ရာတွေရှိနေတဲ့ တောင်တရုတ်ပင်လင်ပြင်ဟာ ပင်လယ်ရေကြောင်းအတွက် မဟာဗျူဟာကျတဲ့ လမ်းကြောင်းလည်းဖြစ်သလို ရေနံနဲ့ ဓာတ်ငွေ့တူးဖော်နိုင်ရေး အလားအလာတွေလည်း ရှိနေတဲ့နေရာပါ။
တရုတ်နဲ့ အမေရိကန်စစ်သင်္ဘောတွေ များလာတာမို့ အင်ဒိုနီးရှားက သူပိုင် Natuna ကျွန်းပတ်လည်မှာ ရေတပ်အင်အား တိုးချထားလိုက်ပါတယ်။
စစ်ပွဲတွင်းပိတ်မိပြီး ငါးဖမ်းဖို့ စိတ်မချရတဲ့အနေအထား ဖြစ်လာမှာကို စိုးရိမ်ကြောင်း Natuna ငါးဖမ်းလုပ်သားများ မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Hendri က ပြောပါတယ်။ Natuna ကျွန်းဟာ သူ့ နယ်မြေဖြစ်တယ်လို့ တရုတ် က မပြောပေမဲ့ အဲဒီအနီးအနားနေရာတွေကတော့ သူရေးဆွဲထားတဲ့ နယ်နိမိတ်စည်းအတွင်းမှာ ရှိတယ်လို့ တရုတ်က ပြောထားပါတယ်။ အရှေ့တောင်အာရှတိုင်းပြည်တွေနဲ့ အငြင်းပွါးနေရတဲ့ နယ်နိမိတ်ဖြစ်ပြီး နိုင်ငံတကာကလည်း တရုတ်ရဲ့ပြောဆိုချက်ကို အသိအမှတ်ပြုမထားပါဘူး။
.......................................................................................
(Unicode)