သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုက်လိုင်းတွေ အကာအကွယ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တရုတ်ပြော


ရခိုင်ပြည်နယ်ကျော်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း (ဓာတ်ပုံ-VOA)
ရခိုင်ပြည်နယ်ကျော်ဖြူမြို့နယ်ရှိ တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်း (ဓာတ်ပုံ-VOA)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာနဲ့ တရုတ်နိုင်ငံကြား သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ လုံခြုံအောင် အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ပြောဆိုထားကြောင်း ပြင်ပကို ပေါက်ကြားခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ဆုံရာမှာ ပိုက်လိုင်းတလျှောက် လုံခြုံရေး တိုးမြှင့်ဖို့ ပြောဆိုခဲ့ကြောင်း ဗွီအိုအေက ရရှိထားတဲ့ အစည်းအဝေး မှတ်တမ်းမှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတွေ၊ အရေးယူဒဏ်ခတ်မှုတွေနဲ့ တုန့်ပြန်နေပေမဲ့ တရုတ်နိုင်ငံကတော့ ပြည်တွင်းရေးအဖြစ် ပြောဆိုထားတာကြောင့် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကြား ကန့်ကွက်မှုတွေ ရှိခဲ့သလို၊ တရုတ်နိုင်ငံနဲ့ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ တိုက်ခိုက်ခံရရင်လည်း ပြည်တွင်းရေးသာ ဖြစ်လိမ့်မယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ခြိမ်းခြောက်တဲ့ သဘောထားတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို သောကြာနေ့မှာပဲ ထပ်မံပြောဆိုခဲ့တာပါ။

“တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ရင်းနှီးတဲ့ မူဝါဒဟာ မြန်မာပြည်သူတွေ အားလုံးအတွက် လမ်းဖွင့်ထားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပါတီတွေ၊ အုပ်စုတွေ အားလုံးနဲ့လည်း တရုတ်နိုင်ငံက ရင်းနှီးတဲ့ဆက်ဆံရေး ကာလကြာရှည် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက လူတန်းစား အလွှာအသီးသီးနဲ့လည်း ရင်းရင်းနှီးနှီးဆက်ဆံ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ တရုတ်နိုင်ငံက စိတ်ပိုင်းဖြတ်ထားပါတယ်။” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့လ နှောင်းပိုင်းတုန်းက တွေ့ဆုံမှုအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာတွေမှာ အပြုသဘော ရေးသားဖော်ပြဖို့ မြန်မာအာဏာပိုင်တွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြောင်းလည်း ပြင်ပကို ပေါက်ကြားခဲ့ အစည်းအဝေး မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

.........................................................


(Unicode)




XS
SM
MD
LG