သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမီဒီယာအပေါ် တရုတ်လွှမ်းမိုးရေး ခြေလှမ်း


(Zawgyi/Unicode)

ကမ္ဘာ့သတင်းမီဒီယာမှာ တရုတ်ရဲ့အမြင်အာဘော်တွေ လွှမ်းမိုးအောင်လုပ်နေတယ်ဆိုတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

တရုတ်အစိုးရဟာ သူတို့မူဝါဒ သဘောထားတွေကို တခြားနိုင်ငံတွေကိုပါ ရောက်ရှိအောင် ကြိုးစားမှုတွေ အရှိန်မြင့်လာတယ်လို့ နိုင်ငံတကာသတင်းထောက်သမဂ္ဂများအဖွဲ့ချုပ် IFJ က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဒေသစုံမှာရှိတဲ့ သတင်းသမဂ္ဂ ၅၈ ခုရဲ့ စစ်တမ်းတွေကို စုစည်းထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်အစိုးရအပေါ် အကောင်းမြင်တဲ့သတင်းတွေ၊ တရုတ်နိုင်ငံ ပုံရိပ်အပေါ် အကောင်းမြင်စေမယ့်သတင်းတွေ၊ အစီအစဉ်တွေကို တခြားနိုင်ငံတွေရဲ့ သတင်းမီဒီယာထဲမှာ ဖော်ပြအောင် တရုတ်က ကြိုးစားနေတယ်လို့ ပြောထားပါတယ်။ တရုတ်အစိုးရ အစီအစဉ်နဲ့ ဖိတ်ခေါ်တဲ့ တရုတ်နိုင်ငံခရီးစဉ်တွေ၊ တရုတ်အစီအစဉ်တွေကို ထပ်ဆင့်ပြသဖို့ သဘောတူညီချက်တွေ၊ တရုတ်နဲ့ နှစ်နိုင်ငံ အပြန်အလှန်သဘောတူညီမှုတွေရအောင် လုပ်ပြီး တရုတ်ရဲ့ မူဝါဒတွေ ကမ္ဘာ့သတင်းမီဒီယာတွေထဲ ထိုးဖောက်နိုင်ဖို့လုပ်နေတယ်လို့ IFJ က ထောက်ပြထားပါတယ်။

အဲဒီလိုလုပ်တဲ့နေရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သတင်းထောက်တွေကတဆင့် သူတို့သဘောထားတွေ ပိုပြီး ပျံ့နှံ့အောင်လုပ်နေတယ်လို့ ပြောပါတယ်။ တရုတ်အစိုးရဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ထဲက စပြီး မြန်မာနိုင်ငံက သတင်းထောက်တွေ၊ နိုင်ငံရေး၊ စီးပွားရေးမှာ အရေးပါသူတွေကို တရုတ်နိုင်ငံကို လေ့လာရေးခရီးစဉ်တွေ ဖိတ်ခေါ်ခဲ့ပါတယ်။ သတင်းလောကမှာ ဦးဆောင်နေသူတွေအပါအဝင် သတင်းသမား ရာဂဏန်းအထိ တရုတ်နိုင်ငံကို သွားခဲ့ဖူးပါတယ်။ အဲဒီထဲက တယောက်ဖြစ်တဲ့ The Voice Journal ရဲ့ CEO ကိုဇေယျသူက သူအပါအဝင် သတင်းထောက်တွေကို တရုတ်က တကူးတက ခရီးစဉ်တွေ ဖိတ်ခေါ်ပြသတာနဲ့ပတ်သက်လို့ ခုလို သုံးသပ်ပါတယ်။

“ကျနော့်စိတ်ထဲထင်တာက ၂၀၁၁-၂၀၁၂ တုန်းက မြစ်ဆုံ ကိစ္စဖြစ်တယ်လေ။ အဲဒီမြစ်ဆုံကို ဒီဘက်က အစိုးရက ရပ်လိုက်တာဖြစ်သွားတယ်။ ပြီးတဲ့အခါကျတော့ တရုတ်ကို ဆန့်ကျင်တာတွေ များလာတာပေါ့လေ။ ပြည်သူလူထုတွေကြားထဲမှာ မြစ်ဆုံတို့ဘာတို့နဲ့ ချိတ်ဆက်ပြီးတော့ များလာတယ်။ အဲလိုများလာတဲ့အခါကျတော့ သူက ဒါကိုပြန်ပြီးတော့ တုံ့ပြန်တဲ့အနေနဲ့ Charm offensive လို့ခေါ်မယ်နဲ့တူတယ်၊ သူက ပြန်ပြီးတော့ မြန်မာပြည်သူတွေနဲ့ ချစ်ကြည် ရင်းနှီးမှုရအောင်လို့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်လာတာတွေ တွေ့ရတယ်။ အရေးကြီးတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ဥပမာ သတင်းစာဆရာတွေရှိမယ် ၊ နောက်ပြီးတော့ နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေရှိမယ်။ ပြီးတော့ အရပ်ဘက် လူ့အဖွဲ့အစည်းထဲက ခေါင်းဆောင်တွေပေါ့။ အဲဒါမျိုး ပုဂ္ဂိုလ်တွေကို တော်တော်လေးဖိတ်လာတာတွေ တွေ့ရတယ် ၂၀၁၁-၂၀၁၂ နောက်ပိုင်းမှာပေါ့လေ။ အဲဒီနောက်ပိုင်းတောက်လောက် လွှတ်တော်ကိုယ်စားလှယ်တွေ လည်းဖိတ်တယ်။ အာဏာရပါတီ ကရော၊ အတိုက်အခံပါတီကရော ဖိတ်တာကျနော်တို့ တွေ့ရတယ်။”

သီတင်းတပတ်လောက်ကြာတဲ့ တရုတ်ခရီးစဉ်အတွင်း အဲဒီအချိန်က ကျင်းပနေတဲ့ တရုတ်အမျိုးသားလွှတ်တော်ကို လေ့လာခွင့်ရခဲ့သလို နိုင်ငံတကာဧည့်သည်တွေ သွားလေ့ရှိတဲ့ အထင်ကရနေရာတွေဆီ လိုက်ပြခဲ့တယ်လို့ ကိုဇေယျသူက ပြောပါတယ်။

ကိုဇေယျသူဟာ အမေရိကန်အစိုးရ ဖိတ်ခေါ်မှုနဲ့ ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရတွေရဲ့ စီမံခန့်ခွဲမှုတွေကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ ခုနှစ်တုန်းက လာရောက်လေ့လာခဲ့ဖူးပါတယ်။

“ အမေရိကန်ကတော့ ခရီးက ပိုရှည်တာပေါ့လေ။ ၃ ပတ်လည်းဖြစ်တယ်။ နောက်ပြီးတော့ အစီအစဉ်နာမည်က State and local government ဆိုတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် အစိုးရရုံးတွေကို ကျနော်တို့ တောက်လျောက်သွားရတာပေါ့။ လေ့လာရေးက အုပ်ချုပ် စီမံခန့်ခွဲမှုနဲ့ ချိတ်ဆက်တာပေါ့လေ။"

မေး။ ။ တရုတ်ကတော့ ပြောရမယ်ဆိုရင် သူတို့ရဲ့ သဘောထားအမြင်တွေကို ပိုပြီးတော့ မြင်အောင်လို့ ပြချင်တဲ့ သဘောမျိုး ပိုဖြစ်မယ်ထင်တယ်။ အမေရိကန်ခရီးစဉ်မှာရော အမေရိကန်အစိုးရက သူတို့လုပ်နေတဲ့ မူဝါဒတွေ စနစ်တွေကို တခြား နိုင်ငံတွေကို ပိုပြီးတော့ သိသွားအောင်လုပ်တဲ့ ခရီးစဉ်လို့ရော ကိုဇေယျသူ အနေနဲ့ မြင်လားရှင့် ။

ဖြေ။ ။ အဲဒီလိုမျိုးကြီးတော့ အယူဝါဒတွေ တင်ပို့ချင်တာမျိုးတော့ မရှိဘူး။ Program ထဲမှာ ရေးထားတာကိုက အမေရိကန်နိုင်ငံအကြောင်းကို ပိုမိုနားလည်လာစေဖို့ပေါ့လေ၊ ဆိုတာမျိုးတော့ ကျနော်လည်း တွေ့ရတယ်။ တရုတ်ကတော့ ကျနော်တို့နဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။ နောက်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေး အစစ အရာရာ အဆက်အစပ်က ပိုများတယ်ပေါ့လေ။ ပြီးတဲ့အခါကျတော့ ကျနော်ရှင်းပြတဲ့အတိုင်းပဲ တရုတ်က ဖိတ်တဲ့ဟာ ကိုယ်တိုင်က မြန်မာပြည်ထဲမှာ သူတို့ကို နားလည်မှုတွေ လွဲနေတယ်၊ ပြီးတဲ့အခါကျတော့ တရုတ်ဆန့်ကျင်ရေးတွေ များလာတဲ့အခါ ပြန်ပြီးတော့ ဒါကို ချေပချင်တဲ့အတွက်ကြောင့် ဖိတ်တာလို့ ကျနော်ယူဆတာပေါ့ ။ ကျနော့်အပြင် တခြားလူတွေလည်း အဲလိုမျိုး ယူဆတာပေါ့လေ။”

တရုတ်အစိုးရဟာ မြန်မာနိုင်ငံက သတင်းထောက်တွေကို ဖိတ်ခေါ်တာအပြင် သတင်းလုပ်ငန်းတွေကို ပံ့ပိုးကူညီတာမျိုးတွေလုပ်ပြီး သူ့ရဲ့ သဘောထား အာဘော်တွေကို မြန်မာနိုင်ငံထဲမှာ ဖြန့်နိုင်ဖို့ ကြိုးစားလာတာတေ့ွရတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ကိုမြင့်ကျော်က ပြောပါတယ်။

“မြန်မာသတင်းမီဒီယာထဲမှာ ပြည်တွင်း မီဒီယာ အသွင်မျိုးနဲ့ အဲလိုလာ ရင်းနှီးမြှုပ်နှံပြီး ဝါဒဖြန့်ချီရေးဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တာမျိုးတွေ တွေ့လာရတော့ ဒါက တနည်းအားဖြင့်တော့ မီဒီယာလွတ်လပ်ခွင့် အတွက် စိုးရိမ်စရာဖြစ်လာတယ်။ နိုင်ငံခြားအစိုးရတွေက ပြန်ကြားရေးလိုမျိုး သံရုံးတွေမှာ ဖွင့်ထားတာ ဒါက သဘာဝရှိကြတာပဲ။ အမေရိကန်လည်းရှိတာပဲ။ ဗြိတိန်လည်းရှိတယ်။ တရုတ်လည်း ရှိမယ်။ တခြား ရုရှားလည်း ရှိမှာပေါ့နော်။ ဒါပေမယ့် အဲလိုမဟုတ်ပဲနဲ့ ပြည်တွင်း မီဒီယာလိုမျိုး၊ ပြည်တွင်းမီဒီယာအနေနဲ့ မှတ်ပုံတင်ပြီးတော့ အဲလိုမျိုး လုပ်တာကိုတော့ ဒီနှစ်ပိုင်းမှာ တွေ့လာရတယ်ပေါ့နော်။ နာမည်နဲ့ ပြောရရင်တော့ ဥပမာ Myanmar Platform လို မီဒီယာမျိုး၊ ဒါက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပဲ ကျနော်တို့ ကောက်ချက်ချပါတယ်။ အစပိုင်းမှာတော့ သိပ်သတိမထားမိဘူး။ သို့သော် နောက်ပိုင်းမှာ Myanmar Now ကလည်း သတင်းဖော်ပြတာ တွေ့ရတယ်။ ဒီမှာ သူတို့ဖော်ပြတဲ့သတင်းတွေကို ကြည့်လိုက်တဲ့အခါမှာ ဘယ်သူ့အတွက် ဘယ်နိုင်ငံအတွက် လုပ်တယ်ဆိုတာ ခန့်မှန်းသိရှိနိုင်တာပေါ့နော်။”

တရုတ်အစိုးရပံ့ပိုးမှုလို့ အခိုင်အမာ မပြောနိုင်သေးပေမဲ့ တရုတ်အစိုးရအမြင်ကောင်းအောင် ဖော်ပြနေကြတဲ့ တခြား Online သတင်းမီဒီယာတွေလည်းရှိတဲ့အတွက် ကြာရင်စိုးရိမ်စရာဖြစ်တယ်လို့ ကိုမြင့်ကျော်က ပြောပါတယ်။ မြန်မာနိုင်ငံက ထိပ်တန်းသတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ 7 Days သတင်းမီဒီယာကို တရုတ်နိုင်ငံခရီးစဉ်အတွင်း ချဉ်းကပ်မှုအပါအဝင် ဘက်ပေါင်းစုံ ကနေ ချဉ်းကပ်ခဲ့ဖူးတယ်လို့ သတင်း အယ်ဒီတာချုပ် ကိုအားမာန်က ခုလိုပြောပြပါတယ်။

“လာတဲ့ပုံစံတွေက ၂ မျိုး၊ ၃ မျိုးလာတာ။ တခါတလေ မြန်မာ-တရုတ် ပိုက်လိုင်းကုမ္ပဏီက တဆင့် အဲလိုမျိုးလာတယ်။ တခါတလေကျရင် သံရုံးကနေ လာတယ်။ သူတို့ချဉ်းကပ်တဲ့နည်းကတော့ ၃-၄ မျိုးလောက်ရှိတယ်။ နည်းမျိုးစုံနဲ့ ချဉ်းကပ်ပြီးတော့ ကြော်ငြာထည့်ဖို့ ပဲဖြစ်ဖြစ် တခါတလေ လုပ်တယ်ပေါ့နော်။ အံ့အားသင့်စရာကောင်းသွားတာကတော့ ကကျေနော်တို့ ရှယ်ယာ ပိုင်ဆိုင်မှုတွေ သူတို့ မေးပြီးတော့ ရင်းနှီးမြှုပ်နှံချင်တယ်၊ စိတ်ဝင်စားသလားဆိုပြီးတော့ ၂ ကြိမ်လောက် တွေ့ဖူးတယ်။

မေး။ ။ အဲလိုမျိုးလုပ်တာက ဘယ်လိုရည်ရွယ်ချက်ကြောင့်လုပ်တယ်လို့ ကိုအားမန်အနေနဲ့ သုံးသပ်ပါသလဲရှင့်။

ဖြေ။ ။ အဓိက ကျနော်မြင်တာကတော့ သူတို့မှာ ငွေကြေးအင်အား တောင့်တင်းတယ်။ နောက် ဝါဒဖြန့်ချိရေးမှာ မြန်မာနိုင်ငံမှာ သူတို့ ကြည့်တဲ့အခါ ပင်မမီဒီယာတွေကို လွှမ်းမိုးနိုင်ဖို့ရယ်၊ သူတို့ အာဘော်တွေထည့်နိုင်မှုက သိပ်မရှိဘူးလို့ ယူဆတယ်ထင်တယ် ။ ဒါကြောင့် ပင်မမီဒီယာတချို့ကို ကိုင်ပြီးတော့ သူတို့ရဲ့ ဝါဒဖြန့်ချိရေးယန္တရား ပိုပြီးတော့ ထိရောက်အောင် ဖြန့်ချင်လို့ သူတို့ အဲလိုလုပ်တယ်လို့ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံထဲက ပင်မသတင်းမီဒီယာလုပ်ငန်းကြီးတွေနဲ့ သတင်းသမားအများစုကတော့ သတင်းကျင့်ဝတ် စည်းကမ်းတွေနဲ့ညီအောင် လုပ်နေကြသလို ဘက်မလိုက်အောင် ကြိုးစားကြတယ်လို့ ကိုဇေယျသူကလည်း ပြောပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်ပေါ်မှာ လွယ်လွယ်စာမျက်နှာ ဖွင့်နိုင်နေချိန်မှာ တခြားနိုင်ငံတွေရဲ့ ဝါဒဖြန့်မှုတွေရှိလာနိုင်တာကိုတော့ သတိထားသင့်တယ် လ့ိုဆိုပါတယ်။

“အခုက Page တခုထောင်လိုက်ဖို့ဆိုတာက မခက်ဘူးပေါ့လေ။ ပြီးတဲ့အခါကျတော့ Hate Speech တို့ ဘာတို့ လုပ်မနေဘူးဆိုရင် Facebook တို့ဘာတို့က ဖျက်ဖို့ ခက်တယ်ပေါ့နော်။ ဆိုတဲ့ အခါကျတော့ အဲဒါမျိုး လုပ်တာတွေ များလာနိုင်တယ်ခင်ဗျ။ Page တခုထောင်ပြီး နိုင်ငံတခုရဲ့ အယူအဆတွေ များများရေးတာမျိုးတွေ များလာနိုင်တယ်ဆိုတော့ ကျနော်တု့ိ အဲဒါ သတိထားစရာ ဖြစ်တယ်။”

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရရဲ့ ဝါဒဖြန့်ဌာနကထုတ်ဝေတဲ့ ပေါက်ဖော်သတင်းစာအပြင် ပေါက်ဖော်ဆိုတဲ့နာမည်ပါတဲ့ Online သတင်းစာမျက်နှာတွေ၊ ဆွေမျိုးပေါက်ဖော် အယ်ဒီတာ့အသံဆိုတဲ့ ဆောင်းပါးမျိုးတွေကိုလည်း မြန်မာနိုင်ငံထဲမှာ အခုတွေ့မြင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)



















XS
SM
MD
LG