သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ပိုင် ဘီယာသယ်ပို့ရောင်းဝယ်မှု ကချင်ပြည်နယ်တွင်းကျဆင်း


မြန်မာစစ်တပ်နဲ့ဆက်စပ်မှုရှိတဲ့ ဘီယာကြော်ငြာများကိုတွေ့ရစဉ်။ (ဓာတ်ပုံ - AFP )
မြန်မာစစ်တပ်နဲ့ဆက်စပ်မှုရှိတဲ့ ဘီယာကြော်ငြာများကိုတွေ့ရစဉ်။ (ဓာတ်ပုံ - AFP )

မြန်မာစစ်တပ်ပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ ဘီယာအမှတ်တံဆိပ်အချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အတွင်းမှာ ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာ မလုပ်ဖို့အတွက် ကချင်လက်နက်ကိုင် KIO အဖွဲ့က တားမြစ်ခဲ့တဲ့နောက် နေရာအတော်များများမှာ ရောင်းချတာတွေ မတွေ့ရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ဒေသခံကာကွယ်ရေးတပ် PDF က ဖမ်းဆီး ဖျက်ဆီးမှုတွေရှိတယ်လို့သိရပါတယ်။ ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးပြောပြပါမယ်။

စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းတွေက ထုတ်လုပ်တဲ့ Myanmar Beer၊ Dagon Beer၊ ABC Beer တွေကို ရောင်းဝယ်ဖောက်ကားတာ၊ သယ်ယူပို့ဆောင်တာတွေကို မပြုလုပ်ဖို့ မြစ်ကြီးနားခရိုင် KIO အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားတာပါ။ ကချင်လက်နက်ကိုင် KIO အဖွဲ့က တားမြစ်ချက်ကို ဒီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လိုက်နာဖို့ သတ်မှတ်ထားခဲ့တာဖြစ်ပြီး အခုနောက်ပိုင်း မြစ်ကြီးနားမြို့မှာတောင် ပိတ်ပင်ထားတဲ့ ဘီယာအမှတ်တံဆိပ်တွေ ရောင်းချတာ မတွေ့ရတော့ကြောင်း မြို့ခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ အခု ဆိုင်တော်တော်များများမှာလည်း မရောင်းဖြစ်တော့ဘူးပေါ့။ မရောင်းဖြစ်တာ တွေ့ရတယ်လို့ ၊ ဆိုင်တိုင်းမှာပေါ့နော်။ ဟိုးတစ်ခေါက်ကလည်း ဒီ ပလနက ဆိုင်တစ်ခုမှာပေါ့နော၊ လာသတိပေးတာမျိုးရှိတယ်။ KIO ဘက်ကလို့ ပြောတာပဲ။ အဲဒါကြောင့် သူတို့လည်း အခု မရောင်းတော့ဘူး။ ဒဏ်ရိုက်တာတို့တော့ မကြားမိဘူး။ ပစ္စည်းသိမ်းတာလည်းပဲ ကျနော်အနေနဲ့တော့ မကြားမိဘူး။ ”

ကချင်သတင်းမီဒီယာတွေမှာတော့ KIO အုပ်ချုပ်ရေးအဖွဲ့က လိုက်လံစစ်ဆေးတာတွေရှိနေပြီး ဆက်လက်ရောင်းချတာတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ပြောဆိုကြောင်း ဖော်ပြထားပါတယ်။ တနိုင်းဘက် အသွားအလာရှိတဲ့ မြစ်ကြီးနားဒေသခံကလည်း
KIO ပိတ်ပင်ထားတဲ့ ဘီယာအမှတ်တံဆိပ်တွေကို လမ်းခရီးမှာ KIA တပ်ဖွဲ့ဝင်တွေ စစ်ဆေးတာတွေ ရှိနေကြောင်း အခုလို ပြောပါတယ်။

“ ရောင်းတာ ဝယ်တာမျိုးတွေ မရှိတော့ဘူးလေ။ တချို့ကလည်း ကြောက်ပြီးမှ သိမ်းကုန်ပြီပေါ့။ ဒီ တနိုင်းလမ်းဘက်မှာတော့ သူတို့ ကားတန်းတွေကို ရပ်ပြီးမှ ရှာတယ်လေ။ ဘီယာပါလား။ မြန်မာဘီယာ ပါလား အဲလိုမျိုးတော့ မေးကြတယ်။ တကယ်လို့ တွေ့လို့ရှိရင်တော့ ဖျက်ဆီးတဲ့ အဆင့်လောက်ပဲ ဖြစ်မှာပါ။ အဲလိုဆိုတော့ တချိုု့ကတော့ အရင်တုံးက ဝယ်ထားတဲ့ဟာတွေလည်း မထုတ်ရဲတော့ဘူးလေ။ သိမ်းလိုက်ကြတာပေါ့။ အဲလိုမျိုးတွေ ရှိနေတယ်။”

တနိုင်း- လီဒိုလမ်းမပေါ်က ရွာတွေမှာလည်း ရောင်းချတာမရှိကြောင်း ပြောပါတယ်။

မိုးညှင်း၊ မိုးကောင်း၊ဟိုပင် စတဲ့ မြို့တွေဘက်မှာတော့ အဲဒီအမှတ်တံဆိပ် ဘီယာတွေကို ပုံမှန် ရောင်းချတာတွေ ရှိနေကြဆဲဖြစ်ပါတယ်။ ဒါပေမဲ့

မန္တလေး- မြစ်ကြီးနား ကားလမ်းပေါ်မှာတော့ စစ်ကိုင်းတိုင်းဘက်က PDF တွေက ဖမ်းဆီးဖျက်ဆီးတာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ပုံမှန် ရောင်းဝယ်နေကြတဲ့သူတွေပဲ တွေ့တာပဲ။ PDF တွေ အလုပ်လုပ်တာကျတော့ စစ်ကိုင်းတိုင်းထဲမှာပဲ အတော်များများ အလုပ်လုပ်တာလေ။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် သူတို့ ဒီ မြန်မာဘီယာတို့ ဘာတို့လေ ။ အဲဒါမျိုးတွေကို ကျောက်တန်းဘက်မှ ဆီးပြီးမှ ဖမ်းတာတွေရှိတယ်။ ဒီဘက်တွေမှာတော့ သိပ်ပြီး လုပ်တာ မတွေ့ရဘူးဗျ။”

စစ်ကိုင်းတိုင်းက အင်းတော်၊ ကောလင်း၊ တန့်ဆည်၊ ရေဦးစတဲ့မြို့တွေဘက်မှာလည်း အလားတူ ဖျက်ဆီးတာတွေ ရှိနေပါတယ်။

ဒီလို မြန်မာဘီယာအပါအဝင် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေအပေါ် KIO နဲ့ PDF အဖွဲ့တွေက ပိတ်ပင်တားမြစ်တာဟာ စစ်ကောင်စီရဲ့ စီးပွားရေးကို ဖြတ်တောက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးနောက်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (ဦးပိုင်) နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ထုတ်ကုန်ပစ္စည်း အတော်များများကို ပြည်သူတွေက သပိတ်မှောက်ခဲ့ကြပါတယ်။

...................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)













XS
SM
MD
LG