သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် ဝင်ငွေလျော့သွားစေရေး ဦးတည်တဲ့ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှု


(Zawgyi/ Unicode)

မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ အပေါ် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ အမေရိကန်နဲ့ ဗြိတိန်တို့က ပြစ်ဒဏ်ခတ် အရေးယူပါတယ်။ မြန်မာ စစ်တပ်ဟာ ဒီ လုပ်ငန်းကြီးတွေက ရတဲ့ ငွေတွေကို ပြည်သူတွေကို ဖိနှိပ် ချုပ်ချယ်နေတာကြောင့် ငွေဝင်လမ်း လျော့သွားအောင် ဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။ ဒီ သီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာ့ တပ်မတော်က ချုပ်ကိုင်ထားတဲ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL နဲ့ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း MEC တို့ကို အရေးယူ ဒဏ်ခတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ်လ ၂၅ ရက်နေ့ ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ဒီ လုပ်ငန်းကြီးတွေနဲ့ ဘဏ္ဍာရေး၊ လုပ်ငန်းဆိုင်ရာ ပတ်သက် ဆက်နွယ်မှု အားလုံးကို တားမြစ်ကန့်သတ်ပြီး ဒဏ်ခတ် အရေးယူတာ ဖြစ်ပါတယ်။ အမေရိကန်ဘက်က ဒီကြေညာချက် မထွက်ခင်မှာဘဲ တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက် MEHL ကို အရေးယူ ဒဏ်ခတ်ကြောင်း ဗြိတိန်ကလည်း ကြေညာခဲ့တာပါ။

“အရပ်သားတွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု လုပ်ရပ်တွေ အတွက် ဘဏ္ဍာငွေ ရရှိမှုကို လျော့ပါးသွားရေး အထောက်အပံ့ ဖြစ်စေရေး အတွက် စစ်တပ်ရဲ့ ဘဏ္ဍာရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထား ဒဏ်ခတ်တာ ဖြစ်ပါတယ်။ ”

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း တို့ကို အရေးယူ ဒဏ်ခတ်ကြောင်း ကြေညာခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ မြန်မာ စစ်တပ်ဟာ ဒီ လုပ်ငန်းကြီးတွေကနေ တဆင့် နိုင်ငံရဲ့ စီးပွားရေး နယ်ပယ် အတော်များများကို ချုပ်ကိုင်ထားတာလို့ ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နောက် ဥရောပ သမဂ္ဂတို့ဘက်က အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ၊ သူတို့နဲ့ ဆက်စပ်သူတွေ၊ အကျိုးစီးပွားတွေကို ဆက်တိုက် အရေးယူ ဒဏ်ခတ်နေတာပါ။ နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ လုပ်ငန်းကြီးတွေဘက်က တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က အာဏာရယူထားတဲ့ မြန်မာ့ တပ်မတော်နဲ့ အစဉ်တစိုက် ဆက်သွယ် ဆွေးနွေးနေတာ ဖြစ်ပြီး စစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ သဘောထားကို မတ်လ ၃ ရက်နေ့ ကုလသမဂ္ဂက သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပြပါတယ်။

“ ကျမ စစ်တပ်နဲ့ ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် နိုင်ငံတွေနဲ့ လုံခြုံရေး ကောင်စီ အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ သူတို့ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရိုးနေပါပြီ၊ အတိတ်တုန်းကလည်း ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ခဲ့တယ်လို့ ကျမကို ဖြေကြားပါတယ်။”

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း လုပ်ငန်းကြီး ၂ ခုဟာဆိုရင် ကုန်သွယ်ရေး၊ သယံဇာတ တူးဖော်ရေး၊ အဖျော် ယမကာ၊ ဆေးလိပ်နဲ့ လူသုံးကုန် ပစ္စည်း တွေ အပါအဝင် မြန်မာ့ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူတွေ အပေါ် ဖိနှိပ်မှုတွေမှာ တာဝန်ရှိတဲ့ စစ်တပ်ရဲ့ စီးပွားရေး အရင်းအမြစ်တွေကို အထူး ပစ်မှတ်ထား ဒဏ်ခတ်တာ ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောဆိုထားပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာကတော့ နိုင်ငံတကာက အချိန်မလွန်ခင် အရေးယူဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

“ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုကို ချိတ်ဆက် ဆောင်ရွက်ကြရမယ်၊ မြန်မာ စစ်တပ်ရဲ့ စီးပွားရေး၊ သူတို့ ကုမ္ပဏီတွေ အပေါ်မှာ ပစ်မှတ်ထား အရေးယူ ဆောင်ရွက်ခဲ့တဲ့ အတွက်လည်း အမေရိကန်၊ ဗြိတိန် အစိုးရတွေ ပြည်သူတွေကို အထူးကျေးဇူးတင်တယ်လို့ ဗြိတိန် Sky News ကို ပြောခဲ့တာပါ။ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေး အတွက်သာ တောင်းဆိုနေကြတဲ့ မြန်မာ ပြည်သူတွေကို သတ်ဖြတ်ဖို့ အတွက် မြန်မာ စစ်တပ်ဟာ နိုင်ငံ စီးပွားရေးကနေ သိုဝှက် ရယူထားတဲ့ ငွေနဲ့ လက်နက်တွေ ဝယ်နေတယ်လို့ သူက ပြောခဲ့တာပါ။”

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် MEHL ရဲ့ ရှယ်ယာ ပိုင်ဆိုင်မှု အချက်အလက်တွေ အရ အကျိုးအမြတ်တွေကို စစ်တပ်တွင်း စနစ်တကျခွဲဝေးတာတွေ့ရပြီး ဒီထဲမှာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေလည်း ပါတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။ ဦးပိုင်လီမိတက်ရဲ့ ရှယ်ာ ပိုင်ဆိုင်မှုမှာ အဖွဲ့အစည်း ၁၇၉၃ ခုလည်း ပါဝင်ပြီး ဒီထဲမှာ စစ်တပ် တပ်ဖွဲ့တွေ၊ နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း ပါဝင်ကြောင်း ဖော်ပြပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့များကြား ရှယ်ယာ ခွဲဝေမှုကလည်း ပွင့်လင်းမြင်သာမှု မရှိဘဲ တပ်ဖွဲ့တွေ အတွက် လျို့ဝှက် ရန်ပုံငွေ အဖြစ် ဖန်တီးထားတာလို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က အရေးယူ ဒဏ်ခတ်ခံရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းကတော့ စီးပွားရေး လုပ်ငန်းကြီးတွေ ရှိနေတဲ့ တဖက်မှာလည်း တပ်မတော် အတွက် သဘာ၀ အရင်းအမြစ်တွေ ပေးသွင်းနေတဲ့၊ စစ်တပ်သုံး ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ လည်ပတ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်လို့ အမေရိကန်က ဖော်ပြထားပါတယ်။

မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန်မှာတော့ လက်ရှိမှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ၂ လဆက်တိုက် ဖြစ်နေတာနဲ့ အတူ စီးပွားရေး လုပ်ငန်းတွေ မလည်ပတ်နိုင်ပါဘူး။ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နိုင်ငံတကာ ငွေကြေး အလွှဲအပြောင်းမှာတော့ အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြည်တွင်း စီးပွားရေး အဝန်းအဝိုင်းက စိုးရိမ်ကြပါတယ်။

American Apparel & Footwear Association ရဲ့ ဥက္ကဌလည်းဖြစ် အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ Stephen Lamar ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ပြန်လည်ကျင့်သုံးရေး၊ နောက် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရေး တိုက်တွန်းပါတယ်။ ဒါ့အပြင်

“ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး အစိုးရဘက်က ဖိအားပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ဒီလို ဆောင်ရွက်တဲ့ နေရာမှာ လုပ်သားတွေကို မထိခိုက်စေဖို့လည်း တိုက်တွန်းပါတယ်။ လုပ်သားတွေရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်၊ နောက် သူတို့ အခွင့်အရေးကို ကာကွယ်ပေးဖို့က သိပ်ပြီး အရေးကြီးပါတယ်လို့ ပြောခဲ့တာပါ။ ”

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လှိုင်သာယာ ရွှေပြည်သာတို့က စက်မှု လုပ်သားတွေလည်း လုံခြုံရေး စိုးရိမ်ချက်၊ နောက် အလုပ်တွေ ရပ်နားလိုက်ရတာကြောင့် ရန်ကုန်ကို စွန့်ခွာနေကြရပါတယ်။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် သိန်းနဲ့ချီတဲ့ အထည်ချုပ်လုပ်သားတွေကို ထိခိုက်မယ့်အရေး စိုးရိမ်ချက်တွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း အထည်ချုပ် လုပ်သား ခေါင်းဆောင်တွေကတော့ အာဏာသိမ်းတာကို ဆက်လက် ဆန့်ကျင်မယ့် အကြောင်း ပြောကြပါတယ်။

အထည်ချုပ်လုပ်ငန်းတွေက မြန်မာ့ ပို့ကုန် လုပ်ငန်း ကဏ္ဍမှာ အရေးပါပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုန်သည်ကြီးများ အသင်းရဲ့ နောက်ဆုံးထုတ် စာရင်းတွေ အရ ၂၀၁၈ ခုနှစ်တွင်း မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်း ကဏ္ဍက တင်ပို့မှုဟာ ဒေါ်လာ ၄ ဒသမ ၅၉ ဘီလျံ ရှိတယ်လို့ ဖော်ပြပါတယ်။ နာမည်ရ ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ တခြား နိုင်ငံတခုကို ရွှေ့မယ်ဆိုတဲ့ ကိစ္စက မလွယ်ကူသလိုဘဲ တကယ်လို့ ရွှေ့သွားပြီဆိုရင်လည်း မြန်မာနိုင်ငံကို တခါပြန်လာဖို့ကလည်း မလွယ်ကူတော့ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)


















XS
SM
MD
LG